JICA ကနေ ဂျပန်ယန်း ၁၀ ဘီလီ ယံကျော် ချေးယူဖို့ ပြည်ထောင်စု လွှတ်တော် အတည်ပြု


2017.02.13
dr-tunnaing-620.jpg လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းတင်ပြနေစဉ်
Photo: Win Ko Ko Latt/ RFA

ဘီလူးချောင်း အမှတ် ၁ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံနဲ့ ဆည်တော်ကြီးရေအား လျှပ်စစ် ဓါတ်အားပေးစက်ရုံ တို့ကို အလုံးစုံပြုပြင်ရေး စီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA ကနေ ဂျပန်ယန်း ၁၀ ဘီလီယံ ကျော် ချေးယူဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိုက်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အဲဒီစက်ရုံတွေ ပြုပြင်ရေး အတွက် ဘာကြောင့်ချေးငွေရယူသင့်တယ်ဆိုတာ လွှတ်တော်မှာ အခုလို ရှင်းလင်းတင်ပြခဲ့ပါတယ်။

"ရေအားစက်ရုံများ၏ တာဘိုင်နဲ့ ဂျန်နရေတာ လျှပ်စစ်နဲ့ စက်မှုပစ္စည်းများ၏ သက်တမ်းကို ယေဘုယျအားဖြင့် နှစ် ၃ဝ ဟုသတ်မှတ်ကာ ၁ဝ နှစ်လျှင် တစ်ကြိမ် အကြီးစားပြုပြင်မှုလုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ပါတယ်"

ချေးငွေရဲ့ သက်တမ်းမှာ ပြန်ဆပ်ကာလ နှစ် ၃၀ ၊ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ၁၉၈၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် စက်ရဲ့ သက်တမ်း ၂၅ နှစ်အတွင်း အကြီးစားပြုပြင်ခဲ့တာမရှိဘူးလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြော ပါတယ်။

ဒါ့အပြင် ဆည်တော်ကြီးရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေနဲ့ ၁၉၈၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ရာ စက်သက်တမ်း ၂၈ နှစ်အတွင်း အကြီးစားပြုပြင်တာမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီလက်ကျန်အခြေအနေမှာ ကျပ် ဘီလီယံ တစ်သောင်းကျော်ရှိနေတယ်လို့ သိရပါတယ်။

JICA ကနေ ချေးငွေ ရယူမယ့်ကိစ္စကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၅၀၆ မဲနဲ့ ကန့်ကွက်မဲ ၃ မဲသာ ရှိတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက် တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။