ရက်ပိုင်းအတွင်းပြောင်းရွှေ့ဖို့ သမီးကလေး ကျေးရွာသားတွေကို ထပ်မံညွှန်ကြား


2014.03.07
thameekalay-305.jpg ယာယီတဲတွေမှာ ခိုလှုံနေရတဲ့ သမီးလေးရွာနဲ့ အနီးပတ်ဝန်းကျင်က ရွာသားတွေကို တွေ့ရစဉ်
photo: Youtube

တပ်ပိုင်မြေဆိုပြီး ရွှေ့ပြောင်းခံရလို့ ပဲခူးတိုင်း၊ အလိုင်နီကျေးရွာအုပ်စု အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတဲ့ လှည်းကူးမြို့နယ် သမီးလေးရွာက အိမ်ထောင်စုတွေကို မတ်လ ၉ ရက် နောက်ဆုံးထားပြီး ယာယီတဲတွေ ဖျက်သိမ်းဖို့ ပဲခူးတိုင်းအုပ်ချုပ်ရေးအဖွဲ့က စာပေးပို့ထားတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက ဒီနေ့မိန့်ကြားပါတယ်။

သမီးလေးကျေးရွာက အိမ်ထောင်စု  ၁၅၇ စုကို လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဝါးယားကုန်းရွာနားမှာ နေရာချထားပေးမယ်လို့ ရန်ကုန်တိုင်းအစိုးရက စီစဉ်ထားချိန်မှာ ပဲခူးတိုင်းအစိုးရအဖွဲ့က အကြောင်းကြားလာတာလို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။

"ပဲခူးတိုင်းအုပ်ချုပ်ရေး အဖွဲ့အစည်းက ၉ ရက်နေ့ အပြီးပြောင်းပေးရမယ်လို့ စာပို့တယ်၊ နေရာချပေးတာ ရန်ကုန်တိုင်းဘက်က ချပေးတာ၊ ရွှေ့ခိုင်းတာက ပဲခူးတိုင်းက ရွှေ့ခိုင်းတာ၊ ဘယ်ကိုရွှေ့ရမယ်ဆိုတာ ဘာမှမပြောဘူး၊ သူတို့လက်မခံဘူးဆိုတော့ လမ်းပေါ်ထွက်ဖို့ပဲ ရှိတော့တယ်"

မတ်လ ၃ ရက်နေ့ကလည်း  မူလတန်းစာမေးပွဲ ပြီးသွားတဲ့အတွက် ကျောင်းသားတွေရှိတဲ့ အိမ်ထောင်စု ၃၁ စုရဲ့ယာယီတဲတွေကို ဖျက်သိမ်းခဲ့ရပြီး အဲဒီမိသားစုတွေဟာ သစ်ပင်အောက်တွေမှာ တဲထိုးပြီး ဖြစ်သလိုနေထိုင်နေရတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက စီစဉ်တဲ့နေရာကို တချို့ကလက်ခံကြပေမဲ့ တချို့လည်း အဲဒီနေရာဟာ ရေဝပ်ပြီး နေထိုင်ဖို့ အဆင်မပြေတဲ့အပြင်၊ လုပ်ကိုင်စားသောက်ဖို့လည်း အဆင်မပြေတဲ့အတွက် လက်မခံကြဘူးလို့ သမီးကလေးရွာက မချောစုက ပြောပါတယ်။

ခုဆိုရင် အလှူရှင်တွေလည်း အရင်ကလောက် မလာရောက်ကြတော့ဘဲ ဆန်၊ဆီ၊ဆား စတဲ့ အခြေခံစားသောက်ကုန်တွေ ရှိနေသေးပေမဲ့ ဟင်းလျာအတွက် ဝယ်ယူနေရပြီလို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင် ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။