ကျောက်မျက်ကုမ္ပဏီ မီးလောင်မှု လူ ၅၂ ဦးကို စစ်ဆေး


2018.05.19
phakant-fire-622.jpg ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲမှော်က တောက်ပကြယ် ကုမ္ပဏီလုပ်ကွက်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့ညက မီးရှို့ဖျက်ဆီးခံရစဉ်
Photo: Tin Hlaing - facebook

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲမှော်က တောက်ပကြယ်ကုမ္ပဏီ အဆောက်အဦနဲ့ ယန္တရားတွေ မီးရှို့ဖျက်ဆီးတာနဲ့ဆက်စပ်ပြီး လူ ၅၂ ဦးကို အမှုဖွင့်စစ်ဆေးနေပါတယ်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"ရဲလုပ်ငန်းကနေပြီးတော့ စုံစမ်းစစ်ဆေးဆဲကာလဖြစ်နေတာပေါ့။ အယောက် ၄၉ ယောက် ဆေးရုံက ၃ ယောက်နဲ့ ၅၂ ယောက်ကို အမှုဖွင့်ထားတာပေါ့။ မြို့နယ် ရဲတပ်ဖွဲ့မှူးကိုလည်း ဆွေးနွေးထားတယ်။ ဒီဘက်က ကျောက်ပဲဝင်ရှာတဲ့သူတွေကတော့ သူတို့ကျတော့ ပုဒ်မတစ်မျိုးဖြစ်မှာပေါ့။ ကျောက်ဂိုဒေါင်ဖျက်ပြီးမှ ကျောက်သယ်တဲ့ ကိစ္စပေါ့နော်။ အဲဒါက ပုဒ်မ သပ်သပ်ဖြစ်ပြီးတော့ ဟိုဘက်ကတော့ မီးရှို့တာမှာလည်း ဆောင်ရွက်တယ်။ ဖျက်လည်း ဖျက်ဆီးတယ်။ ပစ္စည်းလည်းယူတယ်။ သူတို့တွေကျတော့ ပုဒ်မနည်းနည်းပို သွားမှာပေါ့။ ရဲလုပ်ငန်းစစ်ဆေးရေးကိစ္စတွေ မပြီးပြတ်သေးတော့ တိတိကျကျတော့ ကျနော်တို့က ပြောလို့ မရသေးဘူးဗျ"

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ မနက်ပိုင်းက မိုးရွာလို့ အလုပ်မဆင်းရတဲ့ဝန်ထမ်းတွေကို ထမင်းစားနားပြီးချိန်မှာ ကုမ္ပဏီဘက်က အလုပ်စောဆင်းခိုင်ရာကနေ လစာကိစ္စတွေပါ အငြင်းပွားပြီး ဝန်ထမ်းတချို့က မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

မီးရှို့မှုကြောင့် လုံခြုံရေးရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရပြီး အဲဒီဖြစ်စဉ်အတွင်း လူ ၁ ဦး သေဆုံးပြီး၊ ၃ ယောက်ဒဏ်ရာရခဲ့သလို ကုမ္ပဏီရဲ့ အဆောက်အဦနဲ့ စက်ယန္တရားတချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

အမှန်တကယ် မီးရှို့တယ်လို့ ယူဆနိုင်တဲ့သူတွေက လစာထုတ်ယူပြီး နေရပ်ပြန်သွားကြဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ မီးရှို့မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ဖမ်းရတာဖြစ်တဲ့အတွက် သေချာတဲ့ စစ်ဆေးမေးမြန်း မှုတွေ လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေဘက်က ပြောပါတယ်။

လတ်တလောစစ်ဆေးချက်တွေအရ အဖမ်းခံရသူအများစုဟာ ရမည်းသင်းမြို့နယ်ဘက်ကနေ ဖားကန့်ဒေသမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေလို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ လစာနဲ့ ခံစားခွင့်တွေပေးရမယ့် အခုလို ရာသီသိမ်းချိန် မေလ ရောက်ရင် လစာ၊ အချိန်ပိုကြေး စတဲ့ကိစ္စတွေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား နှစ်စဉ်လိုလို ပြဿနာဖြစ်လေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။