ရခိုင်မှာ ငါးလအတွင်း ဒုက္ခသည် တစ်သိန်းခြောက်သောင်းနီးပါး ရှိလာကြောင်း UNOCHA ထုတ်ပြန်

RFA Burmese
2024.04.04
ရခိုင်မှာ ငါးလအတွင်း ဒုက္ခသည် တစ်သိန်းခြောက်သောင်းနီးပါး ရှိလာကြောင်း UNOCHA ထုတ်ပြန် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပေါက်တောမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြန်လည်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲတွေ‌ကြောင့် အရပ်သား တစ်သိန်းခြောက်သောင်းနီးပါး (၁၅၇၀၀၀ ဦး) နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာ နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ပေါက်ကွဲစေတဲ့ လက်နက်အကြွင်းအကျန်တွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အပူပြင်းဆုံးရာသီဖြစ်တဲ့ နွေရာသီဝင်လာပြီဖြစ်တာကြောင့် ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးလာသူတွေဟာ သောက်သုံးရေရှားပါးမှုဒဏ်ကိုလည်း ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရသူတွေနဲ့ အခုတစ်ကျော့ပြန်ဖြစ်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးရသူ စုစုပေါင်း သုံးသိန်းကျော် ရှိနေပြီလို့လည်း UNOCHA က မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
 
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဖေဖော်ဝါရီ ၂၅ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း သုံးလကျော်အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခုနစ်သောင်းနီးပါး ထပ်တိုးလာပြီး အရင်ကရှိနေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် (၆၂,၃၃၂ ) နဲ့ပေါင်းရင် စုစုပေါင်း ဒုက္ခသည် သုံးသိန်းသုံးသောင်းကျော်အထိ ရှိနေတယ်လို့ ပြောထားပါတယ်။

အလားတူ ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်း တပ်ဖွဲ့တွေကြား မိုးမောက်မြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လွယ်ဂျယ်မြို့မှာ ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း UNOCHA က ပြောထားပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အနည်းဆုံး ၂ ဒသမ ၈ သန်းကျော် ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။