ရခိုင်သတင်းဌာနတွေရဲ့သတင်းတွေအပေါ် မှတ်ချက်ရေးမျှဝေရင် အရေးယူမယ်လို့ စစ်ကောင်စီပြော
2023.12.05

[Update: 11:12 PM, Dec 05, 2023]
ရခိုင်အခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြနေတဲ့ သတင်းတွေအပေါ် လူမှုကွန်ရက်ပေါ်ကနေ မှတ်ချက်ရေးတာ၊ (Share) ပြန်လည်မျှဝေတာနဲ့ တစ်ဆင့် ကူးယူပြီး ပြန်လည်ဖြန့်ဝေနေသူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ရခိုင်မှာ လူမျိုးရေးနဲ့ စစ်ရေးပဋိပက္ခဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ သတင်းအမှားတွေ ရေးသားဖြန့်ဝေနေသူတွေကို စတင်ဖမ်းဆီးအရေးယူနေပြီလို့လည်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်တဲ့ ရခိုင်နေ့စဉ်ကနေ ဒီဇင်ဘာလ ၅ ရက် ဒီနေ့ ထုတ်ပြန်လာတာပါ။
အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လူမှုကွန်ရက်မှာ သတင်းအမှားရေးသားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တွေမြို့ပေါ် လမ်းမတော်မြောက်ရပ်ကွက်က ကိုကျော်နိုင်လင်းနဲ့ ရဲနွယ်စုရပ်ကွက်က စောခင်အေး (ခ) အဘု ဆိုသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅ဝ၅-က နဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီနှစ်ဦးဟာ လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုသတင်းတု၊ သတင်းအမှားတွေ ရေးသားဖော်ပြခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းမဖော်ပြထားပါဘူး။
စစ်ကောင်စီဟာ မြေပြင်သတင်းမှန်တွေကို အစဉ်တစိုက် ရေးသားဖော်ပြနေတဲ့ ရခိုင်အခြေစိုက်မီဒီယာတချို့ကို တရားမဝင် သတင်းဌာနတွေလို့ စွပ်စွဲသတ်မှတ်ပြီး အဲဒီသတင်းဌာနတွေမှာ လုပ်ကိုင်နေသူတွေကိုပါ အမှုဖွင့် လိုက်လံဖမ်းဆီးနေတာပါ။ အခုတော့ ပြည်သူလူထုတွေကိုပါ ပစ်မှတ်ထားလာတာလို့ ရခိုင်မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်သတင်းဌာနတွေအောက်မှာ မှတ်ချက်ပေးရုံနဲ့ ဖမ်းမယ်ဆိုတာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို မလိုလားဘဲ ပြည်သူတွေကို အကြီးအကျယ်တွေ ကြောက်ရွံတုန်လှုပ်အောင် လုပ်ဆောင်နေတာလို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ ကပြောပါတယ်။
“ရခိုင်သတင်းဌာနတွေအောက်မှာ ကွန်မန့်ပေးတာတွေကို ဖမ်းမယ်ဆီးမယ်ဆိုပြီး ကြေညာချက်ထုတ်တာကတော့ ဒါဟာသွေးရူးသွေးတန်းလုပ်တဲ့ ကိစ္စပဲ။ တစ်ဖက်မှာ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို လုံးဝမလိုလားဘူးဆိုတာ ပြသနေတာဖြစ်သလို ပြည်သူတွေကို အကြီးအကျယ် ကြောက်ရွံ့တုန်လှုပ်ပြီး ဒီစစ်ကောင်စီဟာ ဆောက်တည်ရာမရဖြစ်နေပြီဆိုတာ ဖော်ပြနေတာဖြစ်ပါတယ်ခင်ဗျ"
လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အသုံးပြုတဲ့ ရခိုင်ဒေသခံတစ်ဦးကတော့ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်ရေးပဋိပက္ခကြောင့် အခက်အခဲကြုံနေရတဲ့ ပြည်သူတွေကိုပါ ပစ်မှတ်ထားလာတာလို့ RFA ကို ပြောပါတယ်။
"ရခိုင်မှာ စစ်ပွဲဖြစ်လာတော့ စစ်ကောင်စီက ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကို ရန်သူလို သဘောထားလာတာ တွေ့ရပါတယ်။ ဒီဟာက စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဥ် ဆိုပေမယ့် အယုတ်ညံ့ဆုံး၊ အဆိုးဆုံးလို့ မြင်ပါတယ်။ ပြည်သူတွေကို ပို့စ်တင်လို့ဖမ်းတာ၊ အရေးယူတာဟာ အလွန် ရှက်စရာကောင်းပါတယ်"
ရခိုင်ဒေသတွင်းသတင်းတွေ ရေးသားဖော်ပြနေတဲ့ Western News၊ Narinjara၊ Development Media Group (DMG)၊ Border News Agency (BNA) Arakan Bay News – ABN, Cuckoo Chay Vlog, Arakan Princess Media, Voice Of Westland, One Nation News စတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေအောက်မှာ မှတ်ချက်ပေးတာ၊ မျှဝေတာနဲ့ ပြန်လည်ကူးယူဖော်ပြနေသူတွေကို စာရင်းပြုစုနေတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီသတင်းတွေကို မှတ်ချက်ပေးတာ၊ မျှဝေတာနဲ့ ပြန်လည်ကူးယူ ဖော်ပြနေသူတွေဟာ ပြည်ပမှာ နေထိုင်သူတွေဖြစ်ရင်လည်း နေထိုင်ခွင့် ဗီဇာသက်တမ်း လာတိုးချိန်မှာ ဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
(မှတ်ချက်။ ။ ဤသတင်းနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ တုံ့ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)