ဒီကနေ့ မေလ ၈ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ စစ်ဖြစ်ပွားတဲ့နေရာတွေ အပါအဝင် သဘာဝဘေးအန္တရာယ်နဲ့ လူမှုဒုက္ခခံစားရသူတွေကို ကူညီစောင့်ရှောက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မြစ်ကြီးနားမြို့က မြို့တော်ခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ကြက်ခြေနီရဲ့အခြေခံမူအရ ရည်ရွယ်ချက်များ၊ မျှော်လင့်ချက်များကို အစဉ်လေးစား လိုက်နာဆောင် ရွက်ခြင်းဖြင့် လူနဲ့ပတ်ဝန်းကျင်များကို ကျရောက်မယ့် ဘေးအန္တရာယ်များကို လက်နက်ကိုင်ပဋိပက္ခကြား က လူသားချင်းစာနာထောက်ထားမယ့် လိုအပ်သည်များကို ကြက်ခြေနီမှ ခွဲခြားမှုမရှိဘဲ လူမှုကရုဏာ စွမ်းအားဖြင့် အမြန်ဆုံး၊ အထိရောက်ဆုံး အမြဲတမ်းကူညီဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်"
မြန်မာနိုင်ငံမှာ သမိုင်းဝင် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ အမြင့်ဆုံး ဟင်နရီဒူးနန့်ဆုကို ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် တာလောကြီးကျေးရွာက ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးစိုင်းအောင်လှိုင်မြင့်က ၁၉၇၇ ခုနှစ်က ရရှိခဲ့ပါတယ်။
၁၈၅၉ ခုနှစ်က အီတလီနိုင်ငံမြောက်ပိုင်း ဆိုဖာရီနိုစစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရသူတွေကို ရန်သူ၊ မိတ်ဆွေ မခွဲခြားပဲ ကူညီကယ်ဆယ်ခဲ့ပြီး ကြက်ခြေနီအဖွဲ့ကို တည်ထောင်သူလည်းဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီ ဒူးနန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့မွေးနေ့ မေလ ၈ ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ် ပါတယ်။
ဒီနှစ်အတွက် ကြက်ခြေနီဆောင်ပုဒ်က "လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ " ဖြစ်ပါတယ်။
