ကရင်နီ ဒုက္ခသည်စခန်း မီးလောင်
2017.07.06

ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မယ်ဟောင်ဆောင်မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ မှာ ဇူလိုင်လ ၅ ရက်နေ့ မနေ့ည ၁ဝ နာရီကျော် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ ၃ဝ ကျော် မီးလောင် ကျွမ်းခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီဒုက္ခသည်စခန်းကော်မတီ KNRC ကို ဆက်သွယ်မေးမြန်းရာမှာ အတွင်းရေးမှူး စော လူ့စီက RFA ကို အခုလို ပြောပါတယ်။
"မီးလောင်သွားတဲ့ အိမ်ကြတော့ ၃၃ အိမ်၊ လူဦးရေက ၁၆၈ ဦး၊ အိမ်အမိုးဖြုတ်ထားတာက ၃၆ လုံး နောက်ပြီးတော့မှ မူကြိုကျောင်းတစ်လုံးနဲ့ ရပ်ကွက်ရုံးတစ်လုံးဆိုတော့ အားလုံး ၃၈ လုံး ပျက်စီးသွားတယ်။ လက်ရှိ အကူအညီရဖို့အတွက် ကျနော်တို့ NGO အဖွဲ့တွေ၊ နောက်ပြီးတော့ ထိုင်း အာဏာပိုင်တွေနဲ့ ဒီမနက် အစည်းအဝေးလုပ်တယ်။ အထူးလိုအပ်နေတဲ့ မိုးကာရယ် နောက်ပြီးတော့ အစားအသောက်တွေပေါ့၊ အဲဒါတွေ ကျနော်တို့ ဆွေးနွေးကြတယ် နောက်ပြီးတော့ တခြား လိုအပ်တဲ့ အဝတ်အစားတို့လည်း ဆွေးနွေးကြတယ်ပေါ့နော်။ အရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေကျတော့ ဒီနေ့ UNHCR က မိုးကာကို ဒီနေ့ သူပို့လာမယ်၊ ဒါပေမဲ့ တခြားလိုအပ်တဲ့ မီးဖိုချောင်ပစ္စည်းတွေကျတော့ ဘယ်အဖွဲ့က ကူညီမလဲဆိုတာ ကျနော်တို့ အတိအကျ မသိသေးဘူး။ ဒီနေ့တော့ အဓိက အရေးပေါ်လိုနေတာက အစားအသောက်ဖြစ်မယ် ရေလိုမယ်။ နောက်ပြီးတော့ သူတို့ အဝတ်အစား၊ စောင်၊ နောက် မိုးကာတွေလိုမယ်"
မီးလောင်ကျွမ်းမှုကို တားဆီးလိုတဲ့အတွက် နေအိမ်အလုံးရေ ၄ဝ ကို ဖျက်ဆီးခဲ့ရတယ်လို့ စခန်းတာဝန်ရှိသူ က ပြောပါတယ်။
မီးလောင်ကျွမ်းရတဲ့တဲ့ အကြောင်းအရင်းဟာ ပေါ့ဆမီးကြောင့်ဖြစ်တယ်လို့ ခန့်မှန်းထားကြပေမယ့် အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မီးလောင်ချိန်မှာ လမ်းခရီးနဲ့ မိုးလေဝသ အခက်အခဲကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့က မီးသတ်ကားတွေ လာရောက်ငြိမ်းသတ်ဖို့ ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
လောလောဆယ်မှာတော့ မီးဘေးသင့်နေကြတဲ့ ဒုက္ခသည်တွေအတွက် အမိုးအကာ၊ အစားအစာ ရိက္ခာတွေနဲ့ ဆက်လက်နေထိုင်နိုင်ဖို့ နေအိမ်တွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေပြီး လက်ရှိမှာ ရုံးတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ နေရာချပေးထားရတယ်လို့ သိရပါတယ်။
ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ မှာ လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မီးလောင်မှု ဖြစ်ပွားခဲ့လို့ အဖွားအို တစ်ဦးသေဆုံးပြီး အိမ်ခြေ ၂ဝ ကျော် မီးလောင်ကျွမ်းခဲ့သေးသလို ၂ဝ၁၃ ခုနှစ် မတ်လအတွင်းမှာလည်း ကရင်နီ အမှတ် ၂ ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ အိမ်ခြေ ၄ဝဝ ကျော် မီးဘေးသင့်ခဲ့ပြီး ဒုက္ခသည် ၄ဝ ကျော်သေဆုံးကာ ၁ဝဝ ကျော် ဒဏ်ရာရရှိခဲ့ပါသေးတယ်။