စစ်ခေါင်းဆောင်အပါအဝင် ခုနစ်ဦးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တိုင်ကြား

RFA Burmese
2023.12.06
စစ်ခေါင်းဆောင်အပါအဝင် ခုနစ်ဦးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တိုင်ကြား နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တရားရုံးတွင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက မြန်မာနှင့် ဂမ်ဘီယာအမှု ကြားနာနေချိန်အတွင်း တရားရုံးရှေ့၌ ဆန္ဒပြနေသူတစ်ဦး။
Reuters

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာမှာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ခုနစ်ဦးကို နိုင်ငံတကာက ဖမ်းဝရမ်းထုတ်ပေးဖို့ မြန်မာ-ရိုဟင်ဂျာအသင်း(ယူကေ)က အာဂျင်တီးနားတရားရုံးကို ဒီဇင်ဘာလ ၆ ရက်နေ့က လျှောက်ထားလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို သတ်ဖြတ်တဲ့ အထောက်အထားတွေရထားတာကြောင့် တာဝန်ရှိသူတွေကိုဖမ်းဖို့ တောင်းဆိုတာလို့ မြန်မာ-ရိုဟင်ဂျာအသင်း(ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

"အာဂျင်တီးနားအမှုက သက်သေတွေအများကြီးရထားတယ်၊ မင်းအောင်လှိုင်က အမိန့်ပေးပြီးတော့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို သတ်ဖြတ်တယ်ဆိုတဲ့ အထောက်အထားတွေလည်း ကျွန်တော်တို့ရှိပြီဆိုတော့ အခု သူကို ဖမ်းဖို့ပဲလိုတယ်၊ ဖမ်းဝရမ်းထုတ်ဖို့ မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ) က တရားရုံးကို တောင်းဆိုလိုက်တာပါ၊ ဖမ်းဝရမ်းထုတ်ဖို့အတွက် စာမျက်နှာတစ်ရာပါတဲ့ အထောက်အထားကို တင်လိုက်ပါတယ်"

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ အမိန့်ပေးစေခိုင်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့က ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် (၃၃) ခြေမြန်တပ်ရင်း တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ရဲအရာရှိ ကျော်ချေနဲ့ ကျေးရွာဥက္ကဋ္ဌ အောင်ဆန်းမြတို့ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ မြန်မာ-ရိုဟင်ဂျာအသင်း(ယူကေ)က တရားလိုလုပ်ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ တိုင်ကြားခဲ့ပါတယ်။

ဒီအမှုကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တော်က ဖက်ဒရယ်တရားရုံးမှာ ဇွန်လ ၆ ရက်နေ့က ကြားနာခဲ့ပြီး ရိုဟင်ဂျာ မျက်မြင်သက်သေ ခုနစ်ဦးက ထွက်ဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။

နိုင်ငံတကာဥပဒေတွေအရ အလွန်ဆိုးဝါး ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Universal Jurisdiction သဘောတရားအရ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်အတွက် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက တိုင်ကြားထားတာလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။