ရိုဟင်ဂျာ ၁၀၀ ကျော် ကော့ကရိတ်မှာ ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့က ရိုဟင်ဂျာ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး လဝက အက်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လှိုင်ဝတံတားမှာ နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲက အိမ်စီးကားငါးစီးနဲ့ မြဝတီ မြို့ကို လိုက်ပါစီးနင်းလာတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာနေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၂၃ ဦးကို ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပူးပေါင်းဖမ်းဆီးခဲ့တာပါ။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ် လို့ မရခဲ့ပါဘူး။ ဖမ်းဆီးရမိသူတွေကို ကော့ကရိတ်မြို့နယ် ဒု-လဝက ဦးစီးမှူးက တရားလို ပြုလုပ်ပြီး ၁၉၄၉ ခုနှစ် မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/ ၆(၃) တရားစွဲဆိုထားတယ် လို့ ပြောပါတယ်။

၁၉၄၉ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/ ၆(၃) တို့အရ ထောင်ဒဏ် နှစ်နှစ်အထိ ကျခံရနိုင်ပါတယ်။ လိုက်ပါပို့ဆောင်သူ လေးဦးကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ - ၈ တို့နဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက ကော့ကရိတ်ခရိုင်မှာ ရိုဟင်ဂျာ ၇၀ လောက် ဖမ်းဆီးခံခဲ့ရ ပြီး ၁၉၄၉ ခုနှစ် မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။ ဖမ်းခံရသူတွေဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်ကတစ်ဆင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ကြမှာလို့ ပြောပါတယ်။