ရိုဟင်ဂျာအရေး အတိတ်ကအမှားတွေကို သင်ခန်းစာယူဖို့ NUG ယာယီသမ္မတပြော
2024.05.28

နိုင်ငံတကာရဲ့ အာရုံစိုက်မှု အထူးခံနေရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အတိတ်က ကြုံခဲ့ဖူးတဲ့ ချဉ်းကပ်မှုအမှားတွေကို သင်ခန်းစာယူဖို့လိုပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
မေလ ၂၈ ရက်နေ့က ကျင်းပတဲ့ NUG အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်း ပြောကြားခဲ့တာပါ။
"လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချဉ်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်"
မလိုလားအပ်တဲ့ လူမျိုးရေး အမုန်းတရားတွေ မပေါ်ပေါက်စေဖို့ အားလုံးကြိုးစားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ကြံစည်တွန်းပို့နေတာကိုတွေ့ရကြောင်းနဲ့ ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် ရက္ခိုင့်တပ်တော် (AA) နဲ့ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်းအာရုံစိုက် ကြိုးစားနေတာကို တွေ့ရကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။
NUG အနေနဲ့လည်း လက်ရှိအခြေအနေမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။
လူမျိုးရေးအရ အကဲဆတ်တဲ့ကိစ္စရပ်တွေကို အလေးအနက်ထား ချဉ်းကပ်ကြဖို့ လိုကြောင်းနဲ့ NUG အနေနဲ့ လူသားဝါဒနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲ ဖြစ်ရပ်တွေကို ချဉ်းကပ်နိုင်ဖို့ လိုတယ်လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။
စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ်ဆိုပြီး NUG ယာယီသမ္မတရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။