ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု အဘူဂျာရွာမှာ ဧပြီ ၂၁ ရက်နေ့ နေ့လယ်က မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ဆော့ကစားရာကနေ အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာ ကလေးနှစ်ဦး သေဆုံးသွားတယ်လို့ မောင်တောမြို့ခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အသက် ခြောက်နှစ်အရွယ် မောင်အပ်ဒူရော်ဟိမ်းနဲ့ ခုနစ်နှစ်အရွယ် မဒေါ့လာဘီ့တို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဘူဂျာရွာဟာ ရခိုင်နဲ့ ရိုဟင်ဂျာလူမျိုးတွေ ပေါင်းစည်းနေထိုင်ကြတဲ့ရွာဖြစ်ပြီး အိမ်ခြေ နှစ်ရာကျော်နဲ့ လူဦးရေ ၁,၅ဝဝ နီးပါး ရှိပါတယ်။
သေဆုံးသွားတဲ့ ရိုဟင်ဂျာကလေးငယ်နှစ်ဦးကိုတော့ ဒီနေ့နေ့လယ် နှစ်နာရီက သင်္ဂြိုလ်လိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကလေးငယ်တွေက လယ်ကွင်းမှာ ဆော့နေရင်းနဲ့ ပေါက်ကွဲပြီး ဆုံးသွားတာပါ။ ဒီဗုံးက ဘယ်သူလက်ကျန် ပစ္စည်းလည်း ကျွန်တော်တို့ မသိသေးဘူး။ ပေါက်ကွဲမှု ဖြစ်ပြီးတော့ AA ဘက်က လာပြီးမေးမြန်းသွားတာ ရှိပါတယ်"
အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေအနီးမှာ လက်နက်ကိုင်တပ်တွေအနေနဲ့ စစ်ရေးပစ်မှတ်မထားဖို့နဲ့ မြေမြှုပ်မိုင်းတွေ မထောင်ကြဖို့ အဘူဂျာရွာက သူက ပြောပါတယ်။
အဘူဂျာကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) တို့ စစ်ရေးလှုပ်ရှားကြပေမဲ့ ပေါက်ကွဲခဲ့တဲ့ ဗုံးနဲ့ပတ်သက်ပြီး အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဧပြီလအတွင်းမှာ မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ မင်းပြား၊ စစ်တွေနဲ့ မောင်တောမြို့တွေမှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၁ရက်နေ့အတွင်း မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သား ငါးဦးသေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။