စစ်ကိုင်းပြတ်ရွေ့ကို ငလျင်ပညာရှင်တွေ လေ့လာ


2017.11.20

စစ်ကိုင်းပြတ်ရွေ့တလျှောက်မှာရှိတဲ့ မြို့တွေကို တရုတ်နိုင်ငံက ငလျင်ပညာရှင်တွေနဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ မြေငလျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက်မှာရှိတဲ့ သပိတ်ကျင်းမြို့အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ ရန်ကုန် စတဲ့မြို့တွေမှာ ငလျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေး က ဒီနေ့ ပြောပါတယ်။

"ငလျင်ဆိုတာလည်း တိတိကျကျ ခန့်မှန်းလို့မရဘူးပေါ့နော်၊ မရတဲ့အခါကျ သူ့ရဲ့ ဖြစ်နိုင်ခြေကို တွက်ချက်ခြင်း အားဖြင့် ဒီနေရာဆိုရင် နှစ်ဘယ်လောက်အတွင်းမှာ ပြန်ပြီးတကျော့ ပြန်လာနိုင်လဲ၊ ဟိုနေရာဆိုရင် နှစ်ဘယ်လောက်မှာ တကျော့ပြန်လာမလဲ၊ အဲဒါမျိုးကိုသိနိုင်ဖို့ရာအတွက် ဒီလိုမျိုးဖြစ်နိုင်ခြေ ပူးပေါင်းလေ့လာ ထားခြင်းအားဖြင့် မြေငလျင်ဘေးလျော့ပါးရေးလုပ်ငန်းကြီးတွေကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်တာပေါ့"

စစ်ကိုင်းပြတ်ရွေ့တလျှောက် ငလျင် နောက်ထပ်ဘယ်အချိန်လောက်မှာ ပြန်လှှုပ်ခတ်နိုင်တယ်ဆိုတာကို လေ့လာမယ်ဆိုရင် အခုလေ့လာတွေရှိထားတဲ့နေရာတွေ အချက်အလက်တွေကို ပြန်ပြီး အသုံးပြုနိုင်မှာဖြစ်တယ်လို့  ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းပြတ်ရွေ့က ဘယ်လိုအခြေအနေမှာရှိနေသလဲ၊ အင်းဝအနီးတဝိုက် ၁၈၃၉ ခုနှစ်က ငလျင်လှုပ်ခဲ့ပြီးနောက် အခုပြတ်ရွေ့အခြေအနေက ဘယ်လိုရှိနေလဲ၊ စစ်ကိုင်းမှာဆိုရင် ၁၉၅၆ ငလျင် လှုပ်ခဲ့ပြီး နောက်ပိုင်းမှာ ပြတ်ရွေ့အခြေအနေတွေ ဘယ်လိုတွေရှိသလဲဆိုတာတွေကို မြို့အလိုက် လေ့လာဆန်းစစ်မှုတွေကို လက်ရှိပြုလုပ်နေတာဖြစ်တယ်လို့ ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

သပိတ်ကျင်းမြို့၊ မန္တလေး၊ စစ်ကိုင်း၊ အင်းဝတို့မှာတော့ မြေငလျင်နဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးသွားပြီလို့ ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာရှိတဲ့ မြို့တွေထဲက သပိတ်ကျင်းမြို့မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ က အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တာကြောင့်  လူသေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး စာသင်ကျောင်း၊ ရုံး၊ လူနေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။