ကန့်ဘလူမှာ ခရီးသည်တင်ကား ဗုံးထိမှန်ပြီး လေးဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ

RFA Burmese
2024.11.18
ကန့်ဘလူမှာ ခရီးသည်တင်ကား ဗုံးထိမှန်ပြီး လေးဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းတွင် ဗုံးထိမှန်သွားသည့် ခရီးသည်တင်ကားအား တွေ့ရစဉ်။
ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ခြမ်း ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို စစ်ကောင်စီက နိုဝင်ဘာလ ၁၈ ရက်နေ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားကားကို ထိမှန်ခဲ့ပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့တဲ့အပြင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ခရီးသည်ဆယ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

ဇီးကုန်းသကြားစက်အနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဒရုန်းဗုံး ငါးလုံးနဲ့ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ယာဉ်ကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေ သွားလာရာနေရာတွေကို ဗုံးနဲ့ပစ်ခတ်ခဲ့တာလို့ ကျွန်းလှတက်ကြွသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲတို့ ထိတွေ့မှုတို့ ဘာမှမရှိပါဘူး။ ကားနှစ်စီးလည်း ပျက်စီးတယ်ဆိုတော့ ခရီးသွားပြည်သူတွေပဲဖြစ်မယ် အကုန်လုံးက။ လောလောဆယ် ဘယ်လိုစီစဥ်ထားတယ်ဆိုတာ မသိရသေးဘူး။ ဗုံးသီးထပ်ကျမှာဆိုးလို့ ဘယ်ကိုပြောင်းကြရွှေ့ကြလဲမသိဘူး။ အခုဆေးကုသနေတဲ့ လုံခြုံတဲ့နေရာမှာတော့ရှိတယ်”

သေဆုံးသူတွေထဲက ဘုန်းကြီးတစ်ပါးနဲ့ သုံးဦးဟာ ငွေတိုးမန်း ခရီးသည်ကားနဲ့ လိုက်ပါလာတဲ့ ခရီးသွားပြည်သူတွေဖြစ်ပြီး အမည်နဲ့ နေရပ်လိပ်စာတွေကို ဆက်လက်စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။

ကျွန်းလှတက်ကြွသူများအဖွဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးပြီးအရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ အယောက် ၁၃၀ ကို ဖမ်းဆီးသွားတာ နှစ်ပတ်ကျော်ကြာမြင့်ပြီလို့လည်း ကျွန်းလှတက်ကြွသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်၊

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် အလယ်ခုံရွာ၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးနဲ့ လိပ်ဆင်းတောင်ရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်ကိုးလုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။