စလင်းမှာ လူ ရှစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး နှစ်ဦး သေဆုံး
2025.03.12

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံ ရှစ်ထောင်ခန့် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး စစ်ဘေးတိမ်းရှောင်နေချိန် သက်ကြီးရွယ်အို နှစ်ဦး ရာသီဥတုဒဏ်ကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက မတ်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။
မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စလင်း-ဆိပ်ဖြူ ကားလမ်းက ရွာတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရချိန် မတ်လ ၉ ရက်နေ့မှာ ကျပင်း(မြောက်)ရွာက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးနဲ့ မတ်လ ၁၀ ရက်နေ့မှာ ကျပင်း(တောင်)ရွာက အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ကျပင်း(တောင်)ရွာနဲ့ ကျပင်း(မြောက်)ရွာမှာ တပ်စွဲထားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတယ်လို့ ယူဆတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်က ကျပင်း တောင်ရွာနဲ့ မြောက်ရွာအလယ်မှာရှိတဲ့ ကျပင်း အထက (ခွဲ) စာသင်ကျောင်းမှာ အလုံးအရင်းနဲ့ တပ်စွဲနေတာ၊ အင်အားနှစ်ရာကျော်လောက်ရှိတယ်၊ ထပ်ပြီးတော့လည်း အင်အားဖြည့်နေတယ် ကြားတယ်။ စစ်ဘေးရှောင်တွေကလည်း ရေနဲ့ ဆေးဝါးတွေ အရမ်းလိုအပ်နေပါတယ်။ ရွာထဲမှာ တပ်စွဲထားတဲ့ စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ တော်တော်ဆိုးတယ်”
လက်ရှိမှာ နွယ်တမယ်၊ ချောင်းဖြူ၊ သပြေပင်၊ ကုန်းခြား၊ မြို့သစ်၊ ကျောင်းကုန်း၊ ကျပင်း(တောင်)၊ ကျပင်း(မြောက်)၊ နေပူခံ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီ တပ်စွဲထားတဲ့ ကျပင်း တောင်ရွာနဲ့ မြောက်ရွာက နေအိမ်တချို့လည်း မီးရှို့ခံထားရပြီး ရွာထဲမှာ ကျန်နေခဲ့သူတွေထဲက ဒေသခံ လေးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးတစ်၀ိုက်က ဆင်ဖြူကျွန်း-တညောင် ကားလမ်းမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် အဲဒီလမ်းမှာ ဒေသခံတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မတ်လ ၇ ရက်နေ့ကစပြီး ယာယီပိတ်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။