ဆောမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ လူငါးထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2023.12.15
ဆောမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ လူငါးထောင်ခန့် ထွက်ပြေးနေရ ဆောမြို့နယ်၊ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ရွာငါးရွာက ဒေသခံငါးထောင်ခန့်ဟာလည်း ဒီနေ့အထိ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ယောမြို့ရွာက အသက် ၅၆ နှစ်အရွယ် ဦးမြင့်ထွေး (ခ) ဦးမောင်မောင် ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြရသူတွေကတော့ ရင့်ရဲ၊ ကံကြီး၊ ကြန်တော၊ ပြင်လယ်နဲ့ ယောမြို့ရွာက ဒေသခံတွေဖြစ်တယ် လို့လည်း ပြောပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ ကျောက်ထုအမြောက်တပ်ကနေ တစ်မိုင်ခန့်ဝေးတဲ့ ယောမြို့ ရွာကို လက်နက်ကြီး ရှစ်လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ သေဆုံးသွားတဲ့ ဦးမြင့်ထွေး (ခ) ဦးမောင်မောင်ရဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

"ရွာထဲကို ရှစ်လုံးလောက်ကျတဲ့အခါမှာ တစ်မိုင်လောက်ပဲဝေးတဲ့ ဂိတ်ကနေ အရင်ပစ်လိုက်တဲ့ လက်နက်ကြီး တစ်လုံးက ကျွန်တော့်ခြံစည်းရိုးနားကျတယ်။ အိမ်ပေါ်မှာ ဟင်းရွက်သင်နေတဲ့ ကျွန်တော့်အမျိုးသမီး ရှိတယ်။ အိမ်နောက်ဖေးမှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်ယောက်ဖ ရင်ဘတ်ကို ထိမှန်ပြီးတော့ နေရာတင်ပဲ ပွဲချင်းပြီး ဆုံးသွားတာပေါ့ဗျာ"

အဲဒီအချိန်က ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ စစ်ကောင်စီရဲ့ ကျောက်ထု အမြောက် တပ်ကနေ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရွာထဲက နေအိမ် တစ်လုံးပေါ်ကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ မီးလောင်ပျက်စီးသွားတယ် လို့ ပြောပါတယ်။

အဲဒီလက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ ကြားထဲကနေ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို သယ်ယူပြီး ဘေးလွတ်ရာ ရွာမှာပဲ နေချင်းပြီး သင်္ဂြိုဟ်ခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ယောမြို့ရွာအပါအဝင် အနီးအနားက ရွာပေါင်းငါးရွာက ဒေသခံတွေဟာ ရွာထဲမှာ မနေရဲ တော့ဘဲ ဘေးလွတ်ရာ လယ်တောထဲ၊ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဆောမြို့နယ်မှာ ကျောက်ထုအမြောက်တပ်ကနေ ဘေးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လို့ သေဆုံးထိခိုက်ဒဏ်ရာရရှိတာတွေ၊ နေအိမ်တွေ ထိခိုက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါ တယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ အထိ လက်နက်ကြီး နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး ၁၆၂၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။