ဆန္ဒပြဖို့ ခွင့်ပြုချက်မလိုကြောင်း ဥပဒေကြမ်း ပြင်ဆင်တင်သွင်း


2014.02.19
Share on WhatsApp
Share on WhatsApp
section-18-305.jpg မတရားဥပတွေကို ပယ်ဖျက်ပေးဖို့ ၈၈ မျိုးဆက်ကျောင်း သားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဇန်နဝါရီလ ၅ ရက်နေ့က မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့ရာ ဆန္ဒပြနေသူများကို တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

ပြည်သူ့လွှတ်တော်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဒီနေ့ တင်သွင်းဆွေးနွေးရာမှာ စီတန်းလှည့်လည် ဆန္ဒပြမယ်ဆိုရင် အရင်ကလို ခွင့်ပြုချက် တောင်းခံစရာမလိုတော့ဘဲ အကြောင်းကြားစာသာ ပေးပို့ရမယ် လို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

လွှတ်တော်မှာတင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်း အပြောင်းအလဲနဲ့ ပတ်သက်ပြီး တရားစီရင်ရေး၊ ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက သတင်းထောက်တွေကို အခုလို ရှင်းပြပါတယ်။

“ပုဒ်မ ၁၈ ကို ခွင့်ပြုမိန့်တောင်းခံစရာ မလိုဘဲနဲ့ အကြောင်းကြားစာ ပေးပို့တင်ပြတဲ့စကားလုံးနဲ့ အစားထိုးခဲ့ပါတယ်၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲနဲ့ ပယ်ချမယ်ဆိုရင် ဌာနဆိုင်ရာ ရုံးစည်းကမ်းအရ သူ့ကိုလည်း အပြစ်ပေးအရေးယူနိုင်ပါတယ်၊ သေချာပါတယ်၊ အများကြီးသက်သာသွားမယ်လို့ ယုံကြည်ပါတယ်”

ဒါပေမဲ့ ပုဒ်မ ၁၈ ပြစ်မှု ပြစ်ဒဏ်အခန်းကို မပယ်ဖျက်ဘဲ ပြစ်ဒဏ်ကိုသာလျှော့ပေါ့ပြီး ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အရင်က တရားမဝင် စီတန်းလှည့်လည်ဆန္ဒပြရင် ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ် သုံးသောင်း သတ်မှတ်ထားရာမှာ ဒီနေ့ တင်သွင်းတဲ့ ဥပဒေကြမ်းပြင်ဆင်ချက်မှာ ထောင်ဒဏ် ၆ လသာ သတ်မှတ်ထားပြီး ငွေဒဏ်ကို ပယ်ဖျက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၈ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ပုဒ်မခွဲ ၁၈ တစ်ခုံးလုံးကို ဖြုတ်ထားတဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့ပေမဲ့ ဥပဒေကြမ်းကော်မတီက ပြန်လည်ပြင်ဆင်ပြီး လွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့တာပါ။

ဒီဥပဒေကြမ်း တင်သွင်းမှုနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။