ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံရသူ ၁၀၀ ကျော်ရှိ

Free Expression Myanmar (FEM)အဖွဲ့ရဲ့ ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းသင့်ကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်
Free Expression Myanmar (FEM)အဖွဲ့ရဲ့ ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းသင့်ကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ် (Photo: Thant Zin Oo/ RFA)

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ဒီနေ့အချိန်ထိ တရားစွဲခံရသူ ၁၀၀ ကျော်လာပြီဖြစ်ပြီး ဥပဒေကို ပြင်ဆင် လိုက်ပေမယ့် ပြောင်းလဲမှု မရှိတာကြောင့် ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းသင့်ကြောင်း Free Expression Myanmar (FEM)အဖွဲ့က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

FEM အဖွဲ့ဟာ ၂နှစ်ကြာ ပြုစုထားတဲ့ စာရင်းတွေအရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၁၀၆ မှုရှိခဲ့ပြီး အားလုံးဟာ ဒဏ်ငွေနဲ့မပြီးပြတ်ပဲ ထောင်ဒဏ်သာ ချမှတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာ မှာဖော်ပြထားပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ နဲ့ တရားစွဲခံနေရတဲ့ အမှုအရေအတွက်ဟာ ယခင်အစိုးရ လက်ထက်မှာ ၁ဝ မှုကျော်သာရှိပေမယ့် လက်ရှိအစိုးရလက်ထက်မှာ အမှုအရေအတွက်ဟာ ၉ဝ ကျော်အထိရှိလာပြီး အဲဒီအထဲမှာ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း စွဲဆိုခံရတဲ့အမှု ၁ဝ မှုကျော်လည်း ပါဝင်တယ်လို့ FEM အဖွဲ့က ကဗျာဆရာ မောင်ဆောင်းခ က ပြောပါတယ်။

အဲဒီဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ကို အပြီးတိုင် ဖျက်သိမ်းပြီး အခြားသော အီလက်ထရောနစ်ဥပဒေတွေ ကိုလည်း ပြင်ဆင်သင့်ကြောင်း FEM အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။