မြန်မာရေတပ်ကို လက်နက်မရောင်းခဲ့ကြောင်း အီတလီ လက်နက်ကုမ္ပဏီ ငြင်းဆို
2025.01.15

အီတလီနိုင်ငံရဲ့ အကြီးဆုံး စစ်လက်နက်နည်းပညာကုမ္ပဏီ Leonardo က မြန်မာရေတပ်ကို စစ်လက်နက်ရောင်းချခဲ့တာ မရှိဘူးလို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ငြင်းဆိုလိုက်ပါတယ်။
Leonardo ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို စစ်ရေယာဉ်သုံး OTO Melara 76/62 အမြောက်တွေ ရောင်းချပေးခဲ့တယ်ဆိုပြီး မလေးရှားအခြေစိုက် Asian Defence Journal၊ ဗြိတိန်အခြေစိုက် Janes ကာကွယ်ရေးစာစောင် အပါအဝင် မီဒီယာတွေမှာ ဖော်ပြနေတာတွေဟာ အခြေအမြစ်မရှိကြောင်း ငြင်းဆိုလိုက်တာပါ။
Leonardo အနေနဲ့ မြန်မာစစ်တပ်ကို တိုက်ရိုက်ဖြစ်စေ၊ ကြားခံတစ်ဆင့်ကနေဖြစ်စေ ဒီအမြောက်တွေ ရောင်းချခဲ့တာ တစ်ကြိမ်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ စစ်လက်နက်တွေကို ရောင်းချရာမှာလည်း အီတလီအစိုးရအာဏာပိုင်တွေနဲ့ ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရှိဘဲ တစ်ဆင့်ပြန်လည်ရောင်းချတာကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကုမ္ပဏီရဲ့ သတိပြုရမဲ့ စာရင်းထဲ ပါဝင်နေတာကြောင့် ဒီလိုလွှဲပြောင်းရောင်းချတာမျိုး မဖြစ်နိုင်ဘူးလို့လည်း ဖော်ပြပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) အဖွဲ့ကတော့ စစ်ကောင်စီရဲ့ သာလွန်မင်းစစ်ရေယာဉ်မှာ Leonardo ရဲ့ လက်ခွဲကုမ္ပဏီ OTO Melara က ၇၆ မမ ဘက်စုံသုံးအမြောက် တပ်ဆင်ပေးခဲ့တာဟာ မြန်မာနိုင်ငံအပေါ် ဥရောပရဲ့ စစ်လက်နက်ရောင်းချမှု တားမြစ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။