နမ္မတူ စစ်ဘေးဒုက္ခသည်စခန်း ၅ ခု အကူအညီတွေ လိုအပ်နေ


2017.01.02
namatu-refugees-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၅ ခုက ဒုက္ခသည် ၁၂၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေကြောင်း နမ္မတမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ က ကြေညာချက်ထုတ်လိုက်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လုံခြုံရေးအခက်အခဲကြောင့် ကူညီသူနည်းပါးနေတာလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်း က ပြောပါတယ်။

"တချို့က သိပ်မသွားရဲဘူး လုံခြုံရေးစသဖြင့် နဲနဲလေး ဝေးလံခေါင်တဲ့ဒေသဖြစ်နေတော့ မသွားရဲဘူး၊ အဲ့ဒါကြောင့်လည်း အလှူရှင်တွေနည်းတာပေါ့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘာတွေ ကူညီပေးနိုင်မလဲပေါ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနိုင်မလား အဲ့ဒါကြောင့် ဒီအလှူရှင်တွေ ထပ်ပြီးလှူလာဖို့ တိုက်တွန်းနှိုးဆောင်ခြင်းဖြစ်ပါတယ်"

နမ္မတူမြို့နယ်က စစ်ဘေးဒုက္ခသည်စခခန်း ၅ ခုကို ရောက်ရှိနေတဲ့ ဒုက္ခသည် ၁၂၀၀ ကျော်ဟာ မန်တုံမြို့နယ် မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မိုင်းယုတ်၊ နမ့်ဟိုင်း၊ နောင်ဆန်းကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင် လာကြသူတွေဖြစ်ပြီး စားဝတ်နေရေးအကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို နမ္မတူမြို့ ရွှေမြင်သာရှမ်းဘုန်းကြီးကျောင်း၊ ရပ်ကွက် ၈ ၊ KBC ဘုရားကျောင်း ၂ ကျောင်းနဲ့ RC ဘုရားကျောင်း ၁ ကျောင်းတို့မှာ နေရာချထားပေးတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဒုက္ခသည်တွေရဲ့နေရပ်မှာ တိုက်ပွဲတွေ ရှိနေသေးတာကြောင့် ဒုက္ခသည်စခန်းမှာ ဆက်လက်နေ ထိုင်ရဦးမှာဖြစ်တယ်လို့ ဦးစိုင်းဝမ်းလှိုင်းခမ်း က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေရဲ့ မူလနေရပ်ဖြစ်တဲ့ မန်တုံမြို့နယ်မှာ လွန်ခဲ့တဲ့ ၆လလောက်ကတည်းက RCSS/SSA နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အခုဆိုရင် အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။