ငွေလွှဲစာရင်းမပြတဲ့ အေဂျင်စီတွေ ပိတ်သိမ်းမယ်လို့ စစ်ကောင်စီပြော
2024.08.09
ပြည်ပရောက် အလုပ်သမားတွေဆီက မိသားစုထံလွှဲပို့တဲ့ လစာငွေစာရင်း မပြနိုင်တဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီအားလုံးကို ဒီလကစပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ယာယီပိတ်သိမ်းမှုတွေလုပ်ပြီး အရေးယူမယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက RFA ကို ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ဒီလိုအရေးယူမှုတွေလုပ်မယ်လို့ စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် အကြောင်းကြားခဲ့ပြီးနောက် အခုလထဲမှာပဲ ထပ်ပြီး အသိပေးလာတာလည်း ဖြစ်ပါတယ်။
ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်စနစ်ကတစ်ဆင့် ပြည်တွင်းက မိသားစုဝင်တွေဆီ ပေးပို့ရမယ်ဆိုပြီး စစ်ကောင်စီက ညွှန်ကြားထားတာပါ။
အလုပ်သမာတွေဆီက အဲဒီလိုစာရင်းရဖို့ မလွယ်ဘူးလို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့အေဂျင်စီတွေက အလုပ်သမားတွေကို အတင်းအကျပ်စာရင်းသွားတောင်းလို့မရဘူးလေ၊ သူတို့သွားချင်တဲ့နိုင်ငံနဲ့ အလုပ်အကိုင် တရားဝင်ရအောင်၊ တရားဝင်သွားလို့ရအောင်ပဲ လုပ်ပေးနိုင်တာ။ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကျ သွားမကူညီနိုင်ဘဲ သူတို့ခက်ခက်ခဲခဲရထားတဲ့ ဝင်ငွေထဲက ၂၅ ရာခိုင်နှုန်းကိုကျမှ လွှဲပေးဖို့ သွားတောင်းဖို့ဆိုတာ လုံးဝမလွယ်ပါဘူး"
လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို တစ်လချင်း ဒါမှမဟုတ် သုံးလ တစ်ကြိမ် တရားဝင် ဘဏ်စနစ်ကတစ်ဆင့် လွှဲပို့နိုင်ပြီး မလိုက်နာရင် အဲဒီအလုပ်သမားကို နောက်တစ်ကြိမ် ပြည်ပထွက်ခွင့် သုံးနှစ် ပိတ်မယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းက အသိပေးခဲ့ပါတယ်။
ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင် နောက်တစ်ဦးကလည်း ငွေကြေးလဲလှယ်စျေးနှုန်းက ကွာဟနေတာကြောင့် တရားမဝင်ငွေလွှဲပို့မှုတွေများလာတယ်လို့ RFA ကို ပြောပါတယ်။
ဒီညွှန်ကြားချက်နဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
နိုင်ငံတစ်ဝန်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၆၈ ခုရှိပြီး အဲဒီထဲက အေဂျင်စီ ခုနစ်ခုဟာ ယာယီပိတ်သိမ်းခံထားရတာကြောင့် ၅၆၁ ခု ရှိနေပါသေးတယ်။
အဲဒီအထဲ ၂၀၂၃ ခုနှစ်၊ ဧပြီလကနေ ဒီဇင်ဘာလအတွင်း ပြည်ပရောက် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် လုံးဝမပို့တဲ့ အေဂျင်စီ ၂၀၆ ခုအထိ ရှိနေတယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကြေညာပါတယ်။