မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ အာဆီယံရဲ့ ရှေ့အနာဂတ် ရင်ဆိုင်နိုင်စွမ်းအပေါ် စိန်ခေါ်နေကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောဆိုကြောင်း The Strait Times သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့ပြဿနာဖြေရှင်းဖို့ ဆယ်စုနှစ်တွေနဲ့ချီပြီး အချိန်ယူရနိုင်သလို အာဆီယံရဲ့ ရှေ့ရေးအနာဂတ်နဲ့ ရင်ဆိုင်နိုင်စွမ်းရှိဖို့ကလည်း စိန်ခေါ်ချက်တစ်ရပ်ဖြစ်နေပြီလို့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ Yusof Ishak Institute forum အထူးဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့ ဂျကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးဆွေးနွေးပွဲဟာ ခက်ခဲတဲ့ ဆွေးနွေးမှု ဖြစ်ခဲ့ကြောင်း၊ ဒါပေမဲ့ အာဆီယံအနေနဲ့ အပြုသဘောဆောင် မြဲမြံတဲ့ခြေလှမ်းတွေ လှမ်းနိုင်ခဲ့ကြောင်း၊ မိမိတို့ရဲ့ ဦးတည်ချက်ဟာ မြန်မာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို လျော့ပါးသက်သာစေဖို့ဖြစ်ကြောင်းလည်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒီအတွက် အဓိကဆုံးဖြတ်ချက်တွေကို နိုဝင်ဘာလ ၁၁ ရက် ဖနွမ်းပင်မှာ ကျင်းပမယ့် အာဆီယံ ညီလာခံအတွင်း ချမှတ်နိုင်မယ်လို့ မျှော်လင့်ရကြောင်းလည်း The Strait Times သတင်းက ဖော်ပြပါတယ်။