ရှမ်းတောင်ပိုင်းနဲ့ ကယားမှာ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၅၀ ဖြစ်ပွား
2023.05.04
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၅၀ အထိ ဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဧပြီ ၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အခုနှစ်ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်က မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ဒီးမော့ဆိုမြို့နယ် အတွင်းကို လေကြောင်းကော မြေပြင်ကနေပါ ထိုးစစ် ပိုလုပ်လာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်လကျော်အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ KNDF တာဝန်ရှိ သူကပြောပါတယ်။
ဧပြီလအတွင်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က သုံးဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၇၀ အထိ သေဆုံးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းသုံးဦးကိုလည်း ဖမ်းဆီးရမိ ထားတယ်လို့ဆိုပါတယ်။
ဒီအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသလို တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။
ဧပြီလ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ၁၀၈ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးတွေကိုပါ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရပြီး ငါးဦးဒဏ်ရာရခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဧပြီလအတွင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံနှစ်လုံး ဆေးပေးခန်း နှစ်ခုနဲ့ ခရစ်ယာန် ဘာသာရေး အဆောက်အအုံ တစ်လုံး၊ လူနေအိမ် အလုံး ၂၀ အထိ ပျက်စီးခဲ့ရတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNDF ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ပြောခွင့်ရသူတွေကို RFA ကဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။