SSPP နဲ့ ပဋိပက္ခ ပြေလည်သွားကြောင်း TNLA ပြော

RFA Burmese
2024.07.17
SSPP နဲ့ ပဋိပက္ခ ပြေလည်သွားကြောင်း TNLA ပြော UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်။
Ta'ang State News

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား အငြင်းပွားနေတာတွေကို "ဝ" တပ်ဖွဲ့ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ (FPNCC) က ညှိနှိုင်းပေးတာကြောင့် ပြေလည်မှုရသွားပြီလို့ TNLA ကပြောပါတယ်။

FPNCC ဦးဆောင်မှုနဲ့ နှစ်ဖက်ဆွေးနွေးပြီး အဆင်ပြေသွားတာလို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

"ဒီလ ၁၃ ရက်နေ့မှာ FPNCC က ကျွန်မတို့နှစ်ဖွဲ့ကို ခေါ်ယူပြီးတော့မှ ကျွန်မတို့ တွေ့ဆုံမှုပြုလုပ်ခဲ့တယ်၊ ဒီတွေ့ဆုံဆွေးနွေးမှုမှာ ဒီနှစ်ဘက်အငြင်းပွားနေတာတွေ၊ ပွတ်တိုက်မှုတွေ ပြေလည်သွားပါပြီ။ နောက်နောင်ဆိုရင်လည်း ကျွန်မတို့နှစ်ဖွဲ့က ပွတ်တိုက်မှုတွေ၊ တိုက်ခိုက်မှုတွေ မဖြစ်ပွားရအောင် နှစ်ဖက်က အဓိက သတိထားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်"

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး SSPP တာဝန်ရှိသူတွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး" ကို SSPP တပ်ဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေတာကြောင့် ကန့်ကွက်ကြောင်းနဲ့ ဒီလုပ်ရပ်တွေကို ထိန်းသိမ်းပေးဖို့ တောင်းဆိုကြောင်း ဇူလိုင်လ ၈ ရက်နေ့က TNLA က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

SSPP ဘက်ကလည်း TNLA ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူတို့အနေနဲ့ ခုခံမှုတွေသာ ပြုလုပ်တယ်လို့ ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေဖြစ်တဲ့ SSPP နဲ့ TNLA နှစ်ဖွဲ့စလုံးက ဒီအငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ FPNCC ကို တောင်းဆိုခဲ့တာပါ။

FPNCC အဖွဲ့မှာ "ဝ" တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မိုင်းလားတပ်မတော် (NDAA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပါဝင်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့ SSPP တို့ကြား နယ်မြေအငြင်းပွားပြီး ထိတွေ့ တိုက်ခိုက်တာတွေ မကြာခဏ ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။