ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာ မီးရှို့ခံရ

ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်မြို့နယ်မှာရှိတဲ့ တောင်ခမောက်ရွာကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ဇန်နဝါရီလ ၄ ရက် ဒီနေ့ နေလယ်ပိုင်းမှာ ရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီရွာမှာ အိမ်ခြေ ၂၇၀ ခန့်ရှိပြီး စစ်ကြောင်း ဝင်လာလို့ ရွာလုံးကျွတ် ထွက်ပြေးနေရ တာကြောင့် အိမ်ခြေ ဘယ်နှလုံး မီးလောင် ပျက်စီးသွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က တောင်ခမောက်ရွာနားက မအူကွင်း ရွာသားတွေကိုဖမ်းတာ ဒီနေ့ ပြန်လွှတ်ပြီး တောင်ခမောက်ရွာကို ဝင်မီးရှို့တာပဲ အကုန် ပြေးကြရတယ်။ ရွာမှာက အိမ်ကြီး အိမ်ကောင်းတွေချည်းပဲ”

စစ်ကြောင်းကြောင့် လက်ရှိမှာ လူ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေ ရတယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေး ဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေရဲ့ နေအိမ်ကို ဘယ်လိုနည်းနဲ့မှ မီးရှို့စရာအကြောင်း မရှိဘူးလို့ ယခင်က ပြောဆိုထားပါတယ်။

ပေါင်းတည်မြို့နယ်နဲ့ နယ်မြေချင်း ဆက်နေတဲ့ နတ်တလင်းမြို့နယ်မှာလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စဥ် ညောင်လေးပင်၊ ကွေ့ကြီး၊ သဖန်းချောင်း စတဲ့ရွာတွေက နေအိမ် တစ်ရာကျာ် မီးရှို့ခံရပြီး စစ်ဘေးဒုက္ခသည် ခုနစ်ဦးလည်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ် ရှစ်သောင်းနီးပါး (၇၇,၂၇၄ လုံး) မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။