စစ်မှုထမ်းရေးကိစ္စနဲ့ ဖိအားမျိုးစုံကြောင့် တောင်ကုတ်မြို့မရဲစခန်းမှူး တိမ်းရှောင်

RFA Burmese
2024.04.05
စစ်မှုထမ်းရေးကိစ္စနဲ့ ဖိအားမျိုးစုံကြောင့် တောင်ကုတ်မြို့မရဲစခန်းမှူး တိမ်းရှောင် တောင်ကုတ်မြို့မရဲခစန်းအား တွေ့ရစဉ်။
Narinjara

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မရဲစခန်းက စခန်းမှူးဖြစ်တဲ့ ဒုရဲမှူး ဦးစန်းညွန့်ဟာ စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စ အပါအဝင် ဖိအားမျိုးစုံအပေးခံရတာကြောင့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် (၄၇) နှစ်အရွယ် ဒုရဲမှူး ဦးစန်းညွန့်ဟာ မအီမြို့နယ် လက်ပံရွာဇာတိဖြစ်ပြီး စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ပြောင်းလာတဲ့ ခရိုင်ရဲမှူး ကျော်ဇင်သန့်ရဲ့ ဖိအားပေးမှုကြောင့် တိမ်းရှောင်သွားတာလို့ စခန်းမှူးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်မှုထမ်းကိစ္စ တစ်ခုတည်း မဟုတ်ဘူး။ တခြားကိစ္စတိုင်းကိုလည်း ဖိအားပေးတာများလို့ မခံနိုင်တာ။ တပ်ပုံစံသွင်းတာပေါ့။ အရင်ထွက်ပြေးတာလည်း ၁၀ ယောက်လောက်ဖြစ်နေပြီ”

လက်ရှိမှာ တောင်ကုတ်မြို့ အဝင်အထွက်ဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်ထားပြီး လိုက်လံရှာဖွေမှုတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ တောင်ကုတ်မြို့မရဲခစန်းမှူးကို RFA က ဆက်သွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

တောင်ကုတ်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပွားတာ မရှိသေးပေမယ့် စစ်ကောင်စီတပ်က မြို့အနှံ့ အင်အားတိုးချထားသလို ဒေသခံတွေကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။