ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ခြစား မှု နေပြည်တော်မှာ စစ်ဆေးနေ
2013.01.23

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မှုခင်းစုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ BSI စတဲ့ အဖွဲ့တွေပါဝင်ပြီး၊နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက် လာဘ်စားမှုကို စုံစမ်းစစ်ဆေးနေတာလို့ သိရှိရပါတယ်။
ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာအကျယ်ချုပ် ချထားပြီး၊ စစ်ဆေး မေးမြန်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောပါတယ်။
ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဦးဆောင် ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှတို့အပြင် ရန်ကုန် အခြေစိုက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နတယ်လို့ သိရပါတယ်။
တရုတ် ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့ ZTE နဲ့ Huawei ကုမ္မဏီတို့နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကြား အကျိုးတူ လုပ်ကိုင်နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေး ကိစ္စတွေမှာ ဆက်စပ်လုပ်ကိုင်နေတဲ့Elite ၊ Asia Mega Link ၊တာမိုးညဲစတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။