ပြည်သူတွေရဲ့ ရွေးချယ်ခွင့်ကို မဖျက်ဆီးဖို့ AA ကို သမ္မတရုံးသတိပေး


2020.10.23

ဒီကနေ့ အောက်တိုဘာ ၂၃ ရက်၊ နေပြည်တော်မှာပြုလုပ်တဲ့  သမ္မတရုံး သတင်းစာရှင်းလင်းပွဲအတွင်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တောင်ကုတ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို AA အဖွဲ့က ဖမ်းဆီးထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး RFA က မေးမြန်းစဉ် AA အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ ရွေးချယ်ခွင့်ကို မဖျက်ဆီးဖို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သတိပေး တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

“သမိုင်းကြောင်း ပြန်ကြည့်လိုက်ရင် ပြည်သူတွေကိုယ်တိုင် ကိုယ့်ရဲ့ ကိုယ်စားလှယ်လောင်းကို စိတ်ကြိုက် ဆန္ဒမဲနဲ့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ပိုင်ခွင့်က ကျတော်တို့ ပြန်ရတာမကြာသေးဘူးပေါ့နော်၊ အဲတော့ ဒီမိုကရေစီမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ပေါ့ ရွေးကောက်ပွဲဆိုတာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ လူထုက သူ့ရဲ့ကိုယ်စားလှယ်ကို သူကိုယ်တိုင် တင်မြှောက်နိုင်တဲ့ အခွင့်အရေးရလာဖို့ ကျတော်တို့ ဆယ်စုနှစ်နဲ့ချီပြီးတော့ စောင့်ဆိုင်းခဲ့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဆိုလိုတာက တစ်ဆင့်ပြီး တစ်ဆင့် ဒီမိုကရေစီကို သွားနေတဲ့ချိန်မှာ ဒီရွေးကောက်ပွဲလမ်းကြောင်းကို ပျက်ပြားအောင်မလုပ်သင့်ဘူးလို့ ကျတော်တို့က ယူဆတယ် ။ ဒီလိုမျိုးမဲပေးနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်တွေ အများကြီးပေါ့ ပေးဆပ်ခဲ့တဲ့ အနေအထားရှိပါတယ်။ အဲတော့ ဒီမိုကရေစီကို တလေးတစားရှိဖို့ ပြည်သူလူထုရဲ့ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ကို အလေးထားဖို့ပေါ့နော်။”


အခုဆိုရင် AA အဖွဲ့ရဲ့ လုပ်ရပ်တွေကြောင့် မြေပြင်အခြေအနေတွေ ပိုဆိုးလာပြီး ပြည်သူတွေ ကျီးလန့်စာစား ဖြစ်နေရတယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။ AA အဖွဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကတစ်ဆင့် အမှန်တကယ် ငြိမ်းချမ်းရေးရလိုတဲ့ ဆန္ဒရှိရဲ့လားလို့လည်း ဦးဇော်ဌေးက မေးခွန်းထုတ်လိုက်ပါတယ်။

“AA ခေါင်းဆောင်တွေအနေနဲ့ တကယ့်တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို တကယ်လိုလားသလား မလိုလားဘူးလားဆိုတာ ဒါသူတို့ ကိုယ်တိုင် ပြန်စမ်းစစ်ဖို့လိုတယ်။ အဲဒီလို စမ်းစစ်ပြီးတာနဲ့ ဘယ်နည်းလမ်းက ရခိုင်ပြည်အတွက်ကော ပြည်ထောင်စုအတွက်ကော ကောင်းမွန်သလဲ ဆိုတာကို ဆုံးဖြတ်ဖို့လိုတယ်။ ဒီလိုမှာ မဟုတ်ဘူးဆိုရင် ပြဿနာတွေ ပိုကြီးထွားလာမယ် ဒီမြေပြင် အခြေအနေပေါ် မူတည်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမူတွေက ပိုပြီးတော့ ခက်ခဲလာနိုင်ပါတယ်။ ခက်ခဲလို့လည်း မြောက်ပိုင်းလေးဖွဲ့လုံးနဲ့ ဆွေးနွေးတဲ့အခါမှာ နည်းနည်းလေး အခက်အခဲတွေ ကြုံလာတယ်ပေါ့နော်။”

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးရဲ့ ဒီကနေ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခ ကို RFA က အမြင်သဘောထား မေးမြန်းရာမှာတော့ “လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တပ်မတော်ဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတာဖြစ်ကြောင်း၊ AA အနေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာမရှိကြောင်းနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် အစိုးရနဲ့ တပ်မတော်ဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာသင့်ပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို လုပ်သင့်တယ်”လို့  ပြောသွားပါတယ်။

ဒီကနေ့ သတင်းစာရှင်းပွဲမှာ ဦးဇော်ဌေးက AA အဖွဲ့အနေနဲ့ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် မယ့်အစား ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်း‌ဆောင်ရွက်သင့်ကြောင်း “မြန်မာ့တပ်မတော်သား နှစ်ဦးကို AA က ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကတစ်ဆင့် အိုင်စီစီ နိုင်ငံတကာ ရာဇ၀တ်ခံရုံးကို လွှဲပြောင်းပေးခဲ့တဲ့ကိစ္စကို ” ရည်ညွှန်းပြောဆိုသွားပါတယ်။

ဒီပြောဆိုချက်အပေါ်မှာလည်း ဦးခိုင်သုခက “AAကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး၊ အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးသတ်ဖြတ်နေတာ၊ ကပ်ရောဂါကာလမှာ အိမ်မှာဘဲနေကြဖို့ အစိုးရက ညွှန်ကြားထားပေမယ့် တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်မှုတွေကြောင့် အရပ်သားတွေ ထွက်ပြေး နေရတဲ့ စစ်ရာဇဝတ်မှုကို အရေးယူနိုင်တဲ့ ဥပဒေ မြန်မာနိုင်ငံမှာ မရှိသေးတာကြောင့်လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရတာဖြစ်တယ်”လို့  တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဖောင်းခါးရွာမှာ၊ ရွေးကောက်ပွဲ ဝင်မယ့် (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး မဲဆွယ်စည်းရုံးနေစဉ် ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။

သူတို့သုံးဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေငြာချက်ထဲမှာ “NLD အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ၊ အပြစ်မဲ့ပြည်သူတွေနဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ဒီအမတ်လောင်း သုံးယောက်ကိုလည်း ပြန်လွှတ်ပေးမယ်” လို့ ဖော်ပြထားပါတယ်။  AA အနေနဲ့ စစ်သုံ့ပန်း လဲလှယ်ရေးမှုကို ဆက်ပြီးဆုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ NLD ပါတီကြေငြာချက်ထဲမှာတော့ “ NLD အမတ်လောင်း သုံးယောက်ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကြီးမားစွာ အဟန့်အတား ဖြစ်နိုင်တယ်”လို့ ဖေါ်ပြထားပြီး၊ ဖမ်းဆီးထားတဲ့ ကိုယ်စားလှယ်လောင်းသုံးဦးကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

နိုင်ငံရေးစစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ လက်ရှိအခြေအနေဟာ အစိုးရနဲ့ ရက္ခိုင့်တပ်တော် AAအကြား အတင်းမာဆုံး အခြေအနေဖြစ်ပေမယ့်၊ တွေ့ဆုံဆွေးနွေးဖို့ကိုတော့ နှစ်ဖက်စလုံးက လိုလားကြ လိမ့်မယ်လို့ အပြုသဘော မှတ်ချက်ပေးပါတယ်။

တင်းမာနေတဲ့အခြေအနေကို ကျော်ဖြတ်ဖို့ဆိုရင် ရွေးကောက်ပွဲအလွန်မှာ နှစ်ဖက်စလုံးက ကြိုတင်စည်းကမ်း သတ်မှတ်ချက်မပါတဲ့ တွေ့ဆုံမှုမျိုး လုပ်သင့်တယ်လို့ တိုက်တွန်းသွားပါတယ်။

“NLD က မုံရွာဦးအောင်ရှင်ကတေ့ာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသွားမယ်ဆိုတဲ့ သဘောထား ဖေါ်ပြထားတာ ရှိတယ်ဗျ။ အဲအတိုင်း ဆွေးနွေးဖြေရှင်းသွားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ NLD က ပါတီအနေနဲ့ လုပ်လို့မရပေမယ့် အစိုးရဖြစ်တာကို အစိုးရအနေနဲ့ လုပ်လို့ရပါတယ်။ အဓိက ကြိုတင် သတ်မှတ်ချက်မပါတဲ့ ဆွေးနွေးပွဲတွေကို အရင်ဆုံးလုပ်နိုင်ပြီး နားလည်မှုယူပြီးတော့ တစ်ဆင့်ချင်း တက်သွားရင် ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့က တစ်ခါတလေကျ စစ်မှန်သောတို့ ဘာတို့ ရှေ့ကနေ တပ်တာပေါ့၊ ဒါပေမဲ့ တချို့ အဲဒါတွေက လက်တွေ့မှာ လုပ်ဖို့ ခဲယဥ်းပါလိမ့်မယ်။ အဲဒါကြောင့် နှစ်ဖက် အလွတ်သဘော အရင်ဆုံးတွေ့ပြီးတော့မှ ရှေ့ဆက်သွားနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။”


ဒီကနေ့ သတင်းစာရှင်းပွဲမှာ ဦးဇော်ဌေးက “၂၀၂၀အလွန်မှာ ဆက်လုပ်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကိုလည်း ရှင်းပြခဲ့ပြီး၊ ရက္ခိုင့်တပ်တော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံမှုတွေကို ဆက်လုပ်နေကြောင်း၊ နှစ်ဖက်လူချင်းတွေ့ပြီး ဆွေးနွေးမှုတွေကိုတော့ ကိုရိုနာကပ်ရောဂါ ကူးစက်မှု မြင့်တက်နေတာကြောင့် ယာယီရပ်ဆိုင်းထားကြောင်း” ဖြည့်စွက်ရှင်းပြသွားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။