လှည်းကူးမှာ ရိုဟင်ဂျာ ၁၂ ယောက် ထပ်မံ အဖမ်းခံရ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငွေသောင်ယံကျေးရွာနားမှာ ရိုဟင်ဂျာ ၁၂ ယောက်ကို မနေ့က ဖမ်းဆီးမိခဲ့ပါတယ်။

ဖမ်းမိတဲ့ အမျိုးသမီး ခြောက်ယောက် နဲ့ အမျိုးသား ခြောက်ယောက်ကို ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု ဖမ်းဆီးရမိသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို သူတို့တွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီးလည်း အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း လှည်းကူးမြို့နယ် ဘားလားအုပ်စု ငွေနံ့သာကျေးရွာနား အမှတ် ၇ ကားလမ်းမဘေးက အမှိုက်ပုံမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၇ နှစ်ကနေ ၃ဝ ဝန်းကျင်အရွယ်တွေ ဖြစ်ကြပါတယ်။ အဲဒီရုပ်အလောင်းတွေကို စစ်ကောင်စီ က မနေ့က သဂြိုလ်လိုက်ပြီလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ ရိုဟင်ဂျာ ၆၈ ဦး၊ နိုဝင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ရိုဟင်ဂျာ သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။