ဝန်ကြီးချုပ် Mr. Cameron နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို ဗြိတိန်အစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့အတွက် အထူးပဲဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Mr. Cameron ကလည်း "အခုအစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကတိပေးထားသလို လက်တွေ့မှာလည်း အဆင့်အတော်များများ အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ အဲဒီလို ဆောင်ရွက်ချက်တွေကို အားပေးရပါမယ်" လို့ ပြောခဲ့ပါတယ်။
Mr. Cameron ရဲ့ မြန်မာနိုင်ငံခရီးစဉ် အဓိကရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချဖို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံတာလို့ ဆိုကြပါတယ်။
လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှု ကိစ္စတွေကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။