မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးကိစ္စတွေကို အမေရိကန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်ရှုပ်ထွေးပြီး ဖြေရှင်းဖို့အတွက် နိုင်ငံအများအပြားနဲ့ အဖွဲ့အစည်းအများအပြားလိုအပ်တဲ့အပြင် အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့တွေက အရေးယူဆောင်ရွက်သင့်တာတွေလုပ်ဆောင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ရမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မဲလစ်ဆာဘရောင်း (Melissa Brown) က ပြောကြောင်း Phnom Penh Post သတင်းမှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန၊ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မဲလစ်ဆာဘရောင်း (Melissa Brown) ကမ္ဘောဒီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိနေချိန်မှာ ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး Sok Chenda Sophea၊ ဒုတိယဝန်ကြီးချုပ် Sun Chanthol တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပရာမှာ မဲလစ်ဆာဘရောင်းက ပြောခဲ့တာပါ။
မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂမျက်နှာစာတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ အခြေအနေတွေကို အမေရိကန်နဲ့ ကမ္ဘောဒီးယား တို့က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုတွေ မြင့်တက်လာနေတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်းလည်း အမေရိကန်က ပြောပါတယ်။