အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် Open Society Foundation နဲ့ Refugees International တို့ မနေ့က ပူးပေါင်းကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်နိုင်ငံခြားရေးဌာန လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ ဒု-လက်ထောက် အကြီးအကဲ Mrs. Kelly Clements က ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့လက Mrs. Kelly Clements အပါအဝင် အမေရိကန်အစိုးရ အရာရှိ (၄) ဦးပါအဖွဲ့ဟာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်ခဲ့ကြပြီး၊ ရိုဟင်ဂျာ ခေါ် မွတ်စလင် ဘာသာဝင် လူမျိုးစုတွေရဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့ ဆိုင်ရာအရာရှိတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ရိုဟင်ဂျာ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး တစ်ဘက်နဲ့တစ်ဘက် အငြင်းပွားဖွယ်ရာတွေ အများအပြား ရှိနေကြောင်း၊ ရိုဟင်ဂျာတွေကို ခိုင်မာတဲ့ အထောက်အထားတွေရှိတယ် ဆိုရင် နိုင်ငံသားဖြစ်ခွင့်ပေးရေးနဲ့ ပတ်သက်ပြီး နည်းလမ်းတစ်ရပ် အဖြစ် စဉ်းစားဖို့ မိမိတို့ ဆွေးနွေးပြောဆိုခဲ့ ကြောင်း Mrs. Kelly Clements က ပြောပါတယ်။ ဒါ့ပြင် ပြဿနာ ပြေငြိမ်းရေးအတွက် တခြားကိစ္စတွေလည်း အရေးကြီးကြောင်း ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် ငြိမ်းချမ်းဖို့အရေးမှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ ဆင်းရဲမှု ပပျောက်ရေး၊ ဒေသခံတွေရဲ့ အခြေခံ အခွင့်အရေးတွေ ခိုင်မာမှု စတာတွေရှိမှသာ ဖြစ်ပေါ်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အတွက် အမေရိကန် ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်ကို စွဲစွဲမြဲမြဲ ကူညီထောက်ပံ့သွားမှာ ဖြစ်ကြောင်းလည်း Mrs. Kelly Clements က ကတိပြု ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာကတော့ ရိုဟင်ဂျာ ပြဿနာဟာ တစတစ ဖြေရှင်းရခက်လာနေတဲ့ အတွက်ပဲ ဖြစ်ပါတယ်လို့ ရိုဟင်ဂျာအရေး နှစ် (၂၀) လောက် ဆောင်ရွက်ခဲ့သူ Mrs. Kelly Clements က ဝန်ခံပြောဆို ခဲ့ပါတယ်။