ဟိုပင်မြို့မှာ ဆရာဝန်တစ်ဦး စစ်ကောင်စီရဲ့ ပစ်သတ်တာခံရ

2021-05-10
Share
ဟိုပင်မြို့မှာ ဆရာဝန်တစ်ဦး စစ်ကောင်စီရဲ့ ပစ်သတ်တာခံရ ရှမ်းတိုင်းရင်းသား တိရိစ္ဆာန်ကုဆရာဝန် ဒေါက်တာ စိုင်းအိုက်ကွမ်း။
Photo: Citizen Journalist

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ၊ ဟိုပင်မြို့၊ တကွင်းကျေးရွာမှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသား တိရိစ္ဆာန်ကုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ စိုင်းအိုက်ကွမ်း (၄၀) နှစ်ဟာ မေလ (၈) ရက် ည (၈) နာရီခန့်မှာ လက်နောက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ တေ့ပြီး ပစ်သတ်တာ ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တကွင်းကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ ဟိုပင်မြို့အခြေစိုက် ခလရ (၃၈၉) က ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။

“သူတို့တပ်ရင်း ရှေ့ကို ဆရာဝန်က ဆိုင်ကယ်နဲ့ ဖြတ်သွားတာ။ ည (၈) နာရီတောင် မထိုးသေးပါဘူး ။ ဒါကို တပ်ထဲက စစ်သားတွေက ထွက်ပြီး ဖမ်းတာ။ လက်ပြန်ကြိုးတုပ် ခေါင်းတေ့ပစ်တာ။ အလောင်းကို သူတို့တပ်ရင်းနားက နုန်းချိုရွာနားက မြောင်းနား လာပစ်သွားတာ"

လမ်းဘေးမှာ ပစ်ထားခဲ့တဲ့ ဒေါက်တာ စိုင်းအိုက်ကွမ်းရဲ့ အလောင်းကို ဆွေမျိုးတွေက လာယူပြီး နာရေးလုပ်မယ့်အချိန်မှာ စစ်ကောင်စီတပ်က ပြန်လာယူသွားတယ်လို့ ဆိုပါတယ်။ ဒေါက်တာ စိုင်းအိုက်ကွမ်းရဲ့ အလောင်းကို စစ်ကောင်စီတပ်က ပြန်လာပေးချိန်မှာတော့ ဦးခေါင်းကို ခွဲစိတ်ထားတာ တွေ့ရပြီး မေလ(၉) ရက်နေ့မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ဆိုပါတယ်။ ဒေါက်တာစိုင်းအိုက်ကွမ်းကို စစ်တပ်က ဘာကြောင့် ပစ်သတ်ခဲ့သလဲဆ်ုတာနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရနိုင်ဖို့ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒေါက်တာစိုင်းအိုက်ခမ်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ဆရာဝန်တွေရဲ့ ဆေးစစ်ချက် ဆေးထွက်စာမှာ မူးယစ်ဆေးဝါးရှော့ခ်ဖြစ်ပြီး သေဆုံးတာဖြစ်ကြောင်း ရေးသားထားတယ်လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်တဲ့ တကွင်းရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒေါက်တာစိုင်းအိုက်ခမ်းမှာ အမျိုးသမီးနဲ့ သားသမီး(၂) ယောက် ကျန်ရစ်ခဲ့ပါတယ်။ RFA ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ဟိုပင်မြို့မှာ စစ်တပ်က ပစ်သတ်လို့ သေဆုံးခဲ့သူ ဒေါက်တာစိုင်းအိုက်ခမ်း အပါအဝင် သုံးယောက် ရှိပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့