မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ် လျှပ်စစ်ရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းက ရာနဲ့ချီတဲ့ ဒေသ ခံကျေးရွာသားတွေက သူတို့ကျေးရွာတွေမှာ လျှပ်စစ် မီတာခတွေ ကောက်ခံရာမှာ ကွာခြားယူနစ်ဆိုပြီး ထည့်သွင်းကောက်ခံတာကြောင့် ဒုတိယ အကြိမ်မြောက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ပခုက္ကူမြို့နယ် သရက်တောကျေးရွာအုပ်စုအတွင်းမှာ ရှိတဲ့ လျှပ်တရာ၊ အိုးဘို၊ သဇင်၊ သပြေစု စတဲ့ ကျေးရွာ ၁၂ ရွာမှာ မီတာခတွေ ကောက်ခံတဲ့အခါ ယူနစ် ၁၀၀ မှာ ယူနစ် ၄၀ ဝန်းကျင်လောက်က ကွာခြားယူနစ်ဆိုပြီး သတ်မှတ်ကာ ကောက်ခံနေတယ်လို့ ဆန္ဒပြသူတွေ က ပြောပါတယ်။
အဲဒီလို ကောက်ခံတာဟာ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး လွှတ်တော်မှာ တင်ပြထားချက်နဲ့ ကွဲလွဲနေတာကြောင့် အခုလို ကန့်ကွက်ဆန္ဒပြတာဖြစ်ကြောင်း ဒီနေ့ဆန္ဒပြရာမှာပါဝင်တဲ့ ဦးညွန့်အောင်က ပြောပါတယ်။
"ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အိမ်သုံးမီတာက သုံးစွဲယူနစ်အပေါ်မူတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံလျှက်ရှိပါကြောင်းဆိုပြီး လွှတ်တော်မှာ အတည်ပြုဖြေကြားထားတာ ရှိတယ်ဗျ၊ အခုကျ အဲလိုမဟုတ်ဘူးဗျ၊ ကျနော်တို့ဆီမှာကျနေတော့ အပိုကွာခြားယူနစ်ဆိုပြီးပါ ထည့်ပေါင်းပြီးတောင်းနေလို့ ဆန္ဒထုတ်ဖော်တာပါ၊ ဆိုကျပါစို့ပါ ယူနစ်က ၄ဝ ကျတယ်ဆိုရင် ၁၅ ယူနစ်လောက် ထည့်ပေါင်းထားတာ"
သရက်တောကျေးရွာအုပ်စုမှာ အဲဒီလို အပိုကြေးတွေ ကောက်ခံနေပေမဲ့ အနီးနားက မြစ်ခြေကျေးရွာအုပ်စု မှာတော့ မကောက်ခံကြောင်း၊ ပခုက္ကူမြို့နယ် လျှပ်စစ်ရုံးကိုတင်ပြတဲ့အခါမှာ အစိုးရက အပိုကြေး ၁၀ ရာခိုင်နှုန်း ကို ပေးနေကြောင်း အဲဒီထက်ပိုသွားရင် ကျေးရွာတွေက ကျခံရမှာဖြစ်ကြောင်း ရှင်းပြတယ်လို့သိရပါတယ်။ အပိုကြေးဆိုတာ လဆပ်စစ် အလေအလွင့်ဖြစ်တဲ့ ကုန်ကျစရိတ်တွေအတွက် ကောက်ခံတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က အလားတူ ဆန္ဒပြကန့်ကွက်ခဲ့ရာမှာ ဦးဆောင်သူ ၂ ဦးဖြစ်တဲ့ ဦးတင်ဝင်းနဲ့ ဦးမြင့်ဆွေဆိုသူ ၂ ဦးကို မြို့နယ်က ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ တရားစွဲထားပါတယ်။
သရက်တော ကျေးရွာအုပ်စုက ကျေးရွာ ၁၂ ရွာမှာ အိမ်ထောင်စုတစ်ခုကို ပျမ်းမျှလစဉ် လျှပ်စစ်ကုန်ကျစရိတ် ကျပ် နှစ်ထောင်ကျော်ဝန်းကျင်လောက် ရှိတယ်လို့သိရပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်စည်းရုံးသူတစ်ဦးဖြစ်တဲ့ လျှပ်တရာရွာသား ဦးညွန့်အောင်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
