ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ် ရိက္ခာ အကူအညီပေးနိုင်ဖို့ လုံခြုံရေး တင်းကျပ်ထားတာကြောင့် အကြိမ်ကြိမ်ကြိုးစား ခဲ့ရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
WFP အနေနဲ့ ပလက်ဝဒေသက စစ်ဘေးဒုက္ခသည် ကိုးထောင်အတွက် ပြီးခဲ့တဲ့ ဩဂုတ် လဆန်းပိုင်းကတည်းက စားနပ်ရိက္ခာမျိုးစုံ မက်ထရစ်တန်ချိန် ၁၅၀ ပို့ဆောင်ပေးဖို့ ကြိုးစားခဲ့ပေမယ့် အခုစက်တင်ဘာလရောက်မှ ပေးပို့နိုင်ခဲ့တာပါ။
ပလက်ဝမြို့နယ်ထဲမှာ ဖြစ်နေတဲ့ နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ခံရပြီး စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကုန်ဈေး နှုန်း မြင့်တက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ပလက်၀မြို့နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်အထိရှိလာပြီး အများစုက ပလက်ဝမြို့နဲ့ ဆမီးမြို့ပေါ်ကို ထွက်ပြေးခဲ့ကြသလို တစ်ဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ထဲကို ထွက်ပြေးသူတွေလည်း ရှိတယ်လို့ ကူညီပေးနေတဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲကြောင့် တချို့ရွာလုံးကျွတ် ထွက်ပြေးရတာရှိတယ်။ ပလက်ဝနဲ့ ဆမီးမြို့ပေါင်းရင် ရွာပေါင်း ငါးဆယ်လောက်တော့ ရှိတယ်။ နယ်စပ်ဘက်မှာတော့ စစ်ဘေးရှောင်တွေ အတွက်တော့ ထောက်ပံ့မှုမရဘူး။ မြို့ပေါ်မှာနေတဲ့ စစ်ဘေးရှောင်တွေအတွက်ပဲ ထောက်ပံ့မှုရတယ်။ ပလက်ဝနဲ့ ဆမီးမြို့ပေါ်မှာ စစ်ဘေးရှောင်က အားလုံးပေါင်းရင် နှစ်သောင်းနီးပါးလောက်တော့ ရှိတယ်”
လုံခြုံရေးတင်းကျပ်တာနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ထားတာကို ဘယ်အဖွဲ့က လုပ်ထားတာလဲ ဆိုတာကိုတော့ WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာ တိတိကျကျ မဖော်ပြထားပါဘူး။
စစ်ကောင်စီတပ်ဘက်နဲ့ ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန် ထားတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စက်တင်ဘာ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၉၇၄,၀၀၀ ဦးရှိပြီး အဲဒီမတိုင်ခင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးရသူ ၃၃၀,၀၀၀ ဦး စုစုပေါင်း ၁ ဒသမ ၃ သန်းကျော် ရှိနေပါတယ်။