သီးကွင်းကျေးရွာမှာ ဦးဝီရသူ တရားပွဲစီစဉ်သူကို တိုင်းအစိုးရအဖွဲ့ အရေးယူမည်
2017.03.15
မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ကို မတ်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် သီးကွင်းကျေးရွာမှာ ကျင်းပခဲ့တဲ့ တရားပွဲတွင် တွေ့ရစဉ်
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် သီးကွင်းကျေးရွာမှာ ကျင်းပခဲ့တဲ့ မဘသအဖွဲ့ဝင် ဆရာတော် ဦးဝီရသူရဲ့ တရားပွဲ စီစဉ်သူကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က အရေးယူဖို့ စီစဉ်နေပါတယ်။
သက်ဆိုင်ရာ အုပ်ချုပ်ရေ အာဏာပိုင်တွေ တားမြစ်တဲ့ကြားက တရားပွဲကို ဖြစ်မြောက်အောင် စီစဉ်ခဲ့တဲ့အတွက် တရားပွဲစီစဉ်သူကို အရေးယူမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။
"နိုင်ငံတော် သံဃာ့မဟာနာယကရဲ့ ဆုံးဖြတ်ချက်အရ လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ လည်းကောင်း တရားပွဲ ကျင်းပခွင့်မရှိပါဘူးလို့ ကျတော်တို့ အဲဒီ တရားပွဲကျင်းပမယ့် သူကို ခေါ်ယူသတိပေးခြင်းတွေ လုပ်ခဲ့ပါတယ်။ တရားပွဲစီစဉ်ခဲ့တဲ့သူတွေကိုတော့ ကျတော်တို့ တားမြစ်ထားတဲ့ကြားက၊ ခံဝန်ချက် လက်မှတ်ထိုးထားတဲ့ကြားက တရားပွဲကို ဖြစ်မြောက်အောင် စီစဉ်တဲ့အတွက် ဒီတရားပွဲကျင်းပဖို့ လျှောက်ထားသူကို တားမြစ်ချက် မလိုက်နာတဲ့အတွက် အရေးယူသွားမှာ ဖြစ်ပါတယ်။"
အဲဒီလို အရေးယူဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ဆီကနေ ဥပဒေရေးရာ အကြံဉာဏ်တောင်းထား တယ်လို့ ပြောပါတယ်။
ဦးဝီရသူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံကူးကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ တရားပွဲမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာကို ချိုးဖောက်ပြီး နိုင်ငံရေး ပါတီတစ်ခုဘက်ကို ဘက်လိုက်ဟောပြောတာ၊ လူမျိုးရေး မုန်းတီးမှု တရားတွေ ဟောပြောလှုံ့ဆော် တာတွေကြောင့် တရားဟောခွင့်ပိတ်လိုက်ကြောင်း တိုင်းအစိုးရအဖွဲ့က မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါတယ်။
ဒါ့အပြင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကလည်း မတ်လ ၁၁ ရက်နေ့မှာ ဆရာတော် ဦးဝီရသူကို တစ်နိုင်ငံလုံးမှာ တရားဟောခွင့်တစ်နှစ် ပိတ်ပင်လိုက်ပါတယ်။
အိမ်မဲမြို့နယ် သီးကွင်းကျေးရွာတရားပွဲမှာ ဆရာတော် ဦးဝီရသူက တရားမဟောခဲ့ဘဲ ပါးစပ်ကို တိပ်နဲ့ ပိတ်ကာ တရားပလ္လင်ပေါ်မှာ တက်ထိုင်နေခဲ့ပြီး သူအရင်က ဟောခဲ့တဲ့ တရားခွေကို နာရီဝက်ကြာပြန်လည် ဖွင့်လှစ်ပေး ထားခဲ့ပါတယ်။
အဲဒီအိမ်မဲမြို့တရားပွဲကို တက်ရောက်လာတဲ့ တရားနာပရိတ်သတ် ၂၀၀၀ ဝန်းကျင်လောက် ရှိခဲ့တယ်လို့ သိရပါတယ်။









