ဦးဝီရသူ တရားပွဲကို ပုသိမ်မှာ ကျင်းပခွင့်မပြု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ မဘသအဖွဲ့ဝင် ဆရာတော် ဦးဝီရသူ ပါဝင်မယ့် တရားပွဲကို လုံခြုံရေးအခြေအနေအရ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပိတ်ပင်လိုက်ပါတယ်။

ဘာသာရေးရှုထောင့်ကမဟုတ်ဘဲ လုံခြုံရေးရှုထောင့်ကနေ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။

"ဒီတိုင်းဒေသကြီး အစိုးရအနေနဲ့က ကျနော်တို့ ဘာသာရေးရှုထောင့်က မဟုတ်တော့ဘဲနဲ့ လုံခြုံရေးရှုထောင့် ကနေပြီး ကြည့်ပြီးတော့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်၊ လူမျိုးရေး အမုန်းပွားမှုတွေလည်း ပေါ်ပေါက်လာမယ် ဆိုရင် ကျနော်တို့က ကျင်းပမယ့်ပွဲတွေကို လုံခြုံရေးရှုထောင့်က ခွင့်မပြုသင့်တဲ့ အနေအထားမျိုးဖြစ်နေတာကို မူတည်ပြီးတော့ ဆုံးဖြတ်ခဲ့တာပါ"

လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံထား ရတာကြောင့် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ရမယ့်အခြေအနေဖြစ်လို့ ခွင့်မပြုခဲ့တာဖြစ်တယ် လို့လည်း ပြောပါတယ်။

တရားပွဲကို ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့က ရှုခင်းသာရင်ပြင်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တို့မှာ ပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပြီး ပွဲကိုခွင့်မပြုဘူးဆိုတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က အကြောင်းပြန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီတရားပွဲမှာ ပုသိမ်မြို့ ရွှေမစိုးရိမ်ကျောင်းတိုက် ဆရာတော်တစ်ပါးနဲ့ မဘသအဖွဲ့ဝင် ဆရာတော် ဦးဝီရသူ တို့ ဟောကြားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။