ချည်မျှင်နဲ့ဆေးဆိုးစက်ရုံ အလုပ်သမား ၆၀၀ လစာတိုးပေးရေး ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ်သွားတဲ့ လမ်းဘေးမှာရှိတဲ့ နယူးစတုန်း ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက အလုပ်သမား (၆၀၀) လောက် ဒီကနေ့မနက်ပိုင်းမှာ လုပ်ခလစာ တိုးပေးရေး ဆန္ဒပြ တောင်းဆိုတယ်လို့ စုံစမ်းသိရပါတယ်။

2012.06.08

အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက မနက်ဆိုင်း ညဆိုင်း အလုပ်သမားတွေပေါင်းပြီး နေစရာ အဆောင်မပေးတဲ့အတွက် အခက်အခဲဖြစ်တဲ့ အခြေအနေနဲ့ လုပ်ငန်းခွင် ကျန်းမာရေး ကာကွယ်တဲ့စနစ် မရှိတဲ့အချက် အပါအဝင် အလုပ်ချိန် တစ်နေ့ ၈ နာရီ သတ်မှတ်ပေးဖို့၊ နိုင်ငံတော် ရုံးပိတ်ရက်တွေအတိုင်း အလုပ်ပိတ်ပေးဖို့၊ မတရား ဒဏ်ကြေး ကောက်တာ ပယ်ဖျက်ပေးဖို့၊ စက်ရုံတာဝန်ရှိသူတွေရဲ့ အတင်းအကြပ် ခိုင်းစေတာကို ထိရောက်စွာ အရေးယူပေးဖို့၊ အခြေခံလစာ တိုးပေးဖို့ စတဲ့အချက် တွေကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မွန်းလွဲပိုင်းမှာတော့ ပြည်ကြီးတံခွန်မြို့နယ်က အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး စတာတွေက စက်ရုံတွင်းဝင်ပြီး ကြားဝင် ညှိနှိုင်းပေးနေတဲ့ အခြေအနေကို ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမားက အခုလို ပြောပါတယ်။

"ကျွန်တော်တို့ လစာကို ညှိနှိုင်းနေတာပဲရှိသေးပါတယ်။ လစာကိုတော့ မသိရသေးဘူးပေါ့နော်။ ကျွန်တော်တို့ အနည်းဆုံး မိန်းကလေးက ရှစ်သောင်း၊ ယောကျ်ားလေးက ကိုးသောင်းပေါ့။ အဲဒါကို တောင်းဆိုနေပါတယ်။ တစ်ချက်ပဲ ကျန်တော့တယ်။ ကျန်တာအားလုံး လိုက်လျောပြီးပါပြီ။ အဲဒါကြောင့်မို့လို့ လစာကိုတော့ ဒီကနေ့ပေါ့နော်၊ ညှိနှိုင်းမယ်။ ဒီကနေ့ ညှိနှိုင်းလို့မပြီးရင် နက်ဖြန်တော့ ထပ်ညှိနှိုင်းမယ်"

ဒီကနေ့ ညနေပိုင်းအထိ အလုပ်သမားတွေ တောင်းဆိုတဲ့ အချက် (၆) ချက်ထဲက အဓိကဖြစ်တဲ့ လုပ်ခလစာတိုးပေးဖို့ကိစ္စ ညှိနှိုင်းလို့ မပြီးသေးဘူးလို့ သိရပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က စက်ရုံကိုလာရောက်ပြီး ကြားဝင်ညှိနှိုင်း ပေးခဲ့ပေမယ့် စက်ရုံဘက်က စက်ရုံလုပ်ငန်းရှင်ကိုယ်တိုင်မလာဘဲ လုပ်ငန်းရှင်ကိုယ်စားလှယ်နဲ့ ညှိနှိုင်းနေရတဲ့အခြေအနေကိုလည်း ဆန္ဒပြအလုပ်သမားတွေက မကျေမနပ်ဖြစ်နေတယ်လို့လည်း စောစောက အလုပ်သမားက ပြောပါတယ်။

အခုဆန္ဒပြတဲ့ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံမှာ အလုပ်သမားပေါင်း တစ်ထောင်နီးပါးလောက်ရှိပြီး တရုတ်လူမျိုး နိုင်ငံခြားသားပိုင်တဲ့ စက်ရုံလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။