အေအိုင်ဒီအက်စ် ဝေဒနာရှင် တစ်ဝက်လောက်အတွက် သာ ဆေးဝါးရရှိနေ


2015.12.01
world-aids-day-nld-office-620.jpg ရန်ကုန်မြို့ဗဟန်းမြို့နယ်က အန်အယ်လ်ဒီရုံးချုပ်မှာ ဒီဇင်ဘာ ၁ ရက်နေ့က ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနေစဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါဝေဒနာရှင်တွေ သောက်သုံးရမယ့် ART ဆေးရရှိမှုဟာ  တဝက်လောက်သာရှိနေသေးတဲ့အတွက် လုံလောက်မှု မရှိကြောင်း HIV/AIDS ဝေဒနာရှင်တွေကို အကူအညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ဗဟန်းမြို့နယ်က အန်အယ်လ်ဒီရုံးချုပ်မှာ ကျင်းပတဲ့ HIV/AIDS ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား မှာ ဒေါ်ဖြူဖြူသင်းက ရောဂါဝေဒနာခံစားရသူတွေရဲ့ လိုအပ်ချက်ကို ပြောတာဖြစ်ပါတယ်။

"ကျမတို့နိုင်ငံမှာဆေးဝါးရရှိဖို့ ၅ဝ ရာခိုင်နှုန်းကအခက်အခဲရှိနေတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာဆေးမရှိဘူးလားလို့ ကျမတို့မေးတဲ့အခါကျရင်တော့ ဆေးတွေက ရှိနေတယ်၊ ပြည်သူလူထုလက်ထဲကိုတော့မရောက်ဘူး၊ ဒါကတော့မှားယွင်းနေတဲ့စနစ်ကြောင့်ပေါ့နော်၊ ကျမတို့ရှေ့ဆက်သွားမယ့်နေရာမှာတော့ တစ်ကယ်ကို လိုအပ်နေတဲ့ ပြည်သူလူထုလက်ထဲကို ဆေးဝါးတွေရောက်ဖို့အတွက်ကို ကျမတို့ကြိုးစားပါမယ်"

ကမ္ဘာ့ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို အန်အယ်လ်ဒီရုံးချုပ်မှာ ကျင်းပလာတာ ၈ နှစ်မြောက်ရှိသွားပြီဖြစ်ပြီး အဖွဲ့ချုပ်က ဖွင့်လှစ်ထား တဲ့ အေအိုင်ဒီအက်စ်စင်တာ တာဝန်ခံ ဒေါ်ဖြူဖြူသင်းက စင်တာမှာရှိတဲ့ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေတွေကို ဒီကနေ့ ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းတဲ့ရောဂါ ဝေဒနာရှင် ၂ သိန်း ၁ သောင်းရှိပြီး အဲဒီအထဲက တစ်ဝက်လောက်သာ ဆေးဝါးရရှိတာဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုဟာ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်တွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်မှုများတာဖြစ်ကြောင်း ကျန်းမာရေးအသိ ပညာပေး ဆောင်ရွက်နေတဲ့ ရန်ကုန်အခြေစိုက် MARIE STOPES Myanmar က ဒေါက်တာ စစ်နိုင်က ပြောပါတယ်။ တိုက်ဖျက်ဆေးရရှိမှု များလာ ပြီး ရောဂါဖြစ်ပွားမှု နည်းလာတယ်ဆိုပေမယ့် လူငယ်တွေကြားထဲမှာ အသိပညာပေးနဲ့ ကြိုတင်ကာကွယ်မှုရှိဖို့ဟာ အရေးကြီးကြောင်းလည်း ဒေါက်တာစစ်နိုင် က ပြောပါတယ်။

ဒေါက်တာစစ်နိုင်ကို RFA သတင်းထောက် မမိုးကလျာဦး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။