သတင်းလွတ်လပ်ခွင့် တိုးတက်ဖို့ ဝိုင်းဝန်းဆွေးနွေးစေလို

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အဆင့်အတန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ ၁၄၃ နေရာမှာ ရှိနေတာကြောင့် သတင်းလွတ်လပ်ခွင့်တိုးတက်လာဖို့ ဝိုင်းဝန်းဆွေးနွေးကြဖို့ လိုအပ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် က ပြောလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပရာ မှာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က သတင်းလွတ်လပ်ခွင့် တိုးတက်လာဖို့ တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတင်းလွတ်လပ်ခွင့်တိုင်းတာတဲ့ နောက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ပေါ့နော်၊ ၂၀၁၆ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း စာရင်းမှာကြည့်တဲ့အခါမှာ ကျနော်တို့နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀နဲ့ အဆင့် ၁၄၃ မှာရှိတယ် ဆိုတာကို တွေ့ရပါတယ်၊ ဒီ့ထက်မက တိုးတက်လာ အောင်ဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကိုလည်း ဆွေးနွေးကြမယ် လို့ ကျနော်မျှော်လင့်ပါတယ်"
နယ်စည်းမခြား သတင်းသမားများအဖွဲ့ရဲ့ လေ့လာစမ်းစစ်မူအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံက သတင်း လွတ်လပ်ခွင့်အဆင့် ၁၄၃ ရှိတာကြောင့် ပြီးခဲ့တဲ့ နှစ်ကထက် အဆင့်တစ်ခုတက်လာပြီး အရှေ့တောင်အာရှ ၁၀ နိုင်ငံမှာ အဆင့် ၅ နေရာမှာရှိနေတာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က သူကိုယ်တိုင် စာရေးဆရာ၊ သတင်းစာ ဆရာသမားဘဝက လာတဲ့သူဖြစ်တဲ့ အတွက် သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အစိုးရ ဝန်ကြီးဋ္ဌာနတွေရဲ့ သတင်းတွေ ထုတ်ပြန်နိုင်ဖို့ ဋ္ဌာနဆိုင်ရာအလိုက် ပြောရေးဆိုခွင့်ရှိသူတွေ ကို ရွေးချယ်နေသလို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တစ်လ ဒါမှမဟုတ် နှစ်လ တစ်ကြိမ် သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောပါတယ်။
ဒီပွဲမှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA၊ မြန်မာဂျာနယ်လစ် ကွန်ရက် စတဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေ က ကြေငြာချက်တွေဖတ်ကြားခဲ့ပါတယ်။
ရုပ်သံဥပဒေကို လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ပေမယ့် နည်းဥပဒေတွေပြဋ္ဌာန်းနိုင်ဖို့ အတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ရှိကြောင်း ဝန်ကြီးဦးဖေမြင့်က ပြောခဲ့တယ်လို့ MJA မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဥက္ကဋ္ဌ ဦးသီဟစောက ပြောပါတယ်။
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနနဲ့ ကုလသမဂ္ဂလက်အောက်ခံ UNESCO ယူနက်စကို အဖွဲ့တို့ နှစ်စဉ်ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။