စာရေးဆရာ အဏ္ဏဝါစိုးမိုး ကွယ်လွန်

ပင်လယ်ပြင်က သင်္ဘောသားများအကြောင်းကို စာရေးသားလေ့ရှိတဲ့ စာရေးဆရာ အဏ္ဏဝါစိုးမိုးဟာ သြဂုတ်လ ၂ ရက် ဒီနေ့မနက် ၈ နာရီက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့တူတော်စပ်သူက လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။

အသက် ၈၀ အရွယ်ရှိပြီဖြစ်ပြီး ဘာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားတာမရှိပါဘူး။

အဏ္ဏဝါစိုးမိုးရဲ့ အမည်အရင်းက ဦးစိုးမြင့်ဖြစ်ပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ ၁၉၄၂ ခုနှစ်က မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံခြားသင်္ဘောသားဘဝနဲ့ သူရောက်ဘူးခဲ့တဲ့ နိုင်ငံပေါင်း ၆၀ ကျော်လောက်က အတွေ့အကြုံ တွေကို ဝတ္တုတွေ၊ ဆောင်းပါးတွေရေးပြီး စာပေနယ်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။

သူဟာ ပင်လယ်ပျော်သင်္ဘောသား သတင်းဂျာနယ် အယ်ဒီတာချုပ် တာဝန်ယူခဲ့သလို Shwe FM နဲ့ Mandalay FM တို့မှာ ဝတ္တုတိုနဲ့ ဆောင်းပါးတွေကို ကိုယ်တိုင် အသံလွှင့်ခဲ့ပါတယ်။

သရော်စာ၊ ဝတ္တုတို၊ ဝတ္တုလတ်၊ ဆောင်းပါးများစွာကို ရေးသားခဲ့ပြီး ပန်းပန်မှနန်းဆန်တော့သည်၊ ဟီးဟီးဟား မော်တော်ကား၊ ပင်လယ်ပျော်ကြီး၊ အဏ္ဏဝါခရီးသည်၊ သင်္ဘောသား၏ ဂန္ထဝင် ကလဲ့စား၊ သင်္ဘောသား လောက၏ မှုခင်းများ၊ ကွက်လပ်ဖြည့်ပါ၊ အိုပယ်ကြီး၏ နောက်ဆုံးနေ့များ စတဲ့ စာအုပ်တွေက ထင်ရှား ပါတယ်။