ရမည်းသင်း NLD ကိုယ်စားလှယ်လောင်းတွေ ကန့်ကွက်မှုရှုံးနိမ့်


2016.09.10
yamaethin-mp-press-620.jpg ရမည်းသင်းမြို့နယ်က NLD ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနဲ့ ဦးအောင်မျိုးဦး တို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁ဝ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းစဉ်
Photo: U Aung Myo Oo

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ အနိုင်ရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၂ ဦးကို ကန့်ကွက်ထားတဲ့ အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ်လောင်းတွေက ရှုံးနိမ့်သွားတဲ့အတွက် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ မတရားကြောင်း တိုင်ကြားသူ NLD ကိုယ်စားလှယ်လောင်း ၂ ဦးက ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်းနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦးတို့က ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ကော်မရှင်က အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ တင်သွင်းတာကို ထည့်သွင်းမစဉ်းစားဘဲ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်တယ်လို့ NLD ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦး က ပြောပါတယ်။

"ကျွန်တော်တို့ဘက်က အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ သက်သေတင်ထားရဲ့သားနဲ့ ကော်မရှင်ခုံရုံးကနေ ခိုင်လုံတဲ့ သက်သေတွေကို ထည့်သွင်းမစဉ်းစားတာတွေ၊ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ ပြန်လည်ရှင်းလင်း တာပါ၊ သူတို့ကျူးလွန်တာ မဟုတ်ပါဘူးလို့ ခုံရုံးက အဲ့လိုမှတ်ယူပြီး သူတို့မှာအပြစ်ဘူးဆိုပြီး ကျွန်တော်တို့ ဘက်ကိုပဲ မူရင်းအတိုင်းပဲပေါ့ဗျာ၊ အရှုံးကအရှုံးပဲဆိုပြီးတော့ အမိန့်ချလိုက်တာ၊ ရှင်းရှင်းပြောရင် လုံးဝမတရားဘူးလို့ အခိုင်အမာ ပြောရဲတာပေါ့၊ ကျွန်တော်တို့ အယူခံဝင်မှာပါ၊ အယူခံဝင်ဖို့လည်း အကုန်လုံးပြင်ဆင်ပြီးပြီးလေ"

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ အနိုင်ရရှိခဲ့တဲ့ မန္တလေးတိုင်း လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဟောင်း ဦးကျော်မြင့်နဲ့ ဦးကိုကိုနိုင်တို့ဟာ မဲဆွယ်စည်းရုံးရာမှာ ဘာသာရေးကိုအသုံးချပြီး မဲဆွယ်ခဲ့တယ်ဆိုပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဦးကိုကိုနိုင်ဟာ သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ဒုတိယဥက္ကဌတာဝန်ကို ထမ်းဆောင်နေ တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက မန္တလေးတိုင်းအတွင်း ပျော်ဘွယ်မြို့နယ်နဲ့ ရမည်းသင်းမြို့နယ် တို့က မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။