မရီရီစိုး သေဆုံးမှု ယန်ဟီးလီ ဝမ်းနည်းကြောင်း ဖော်ပြ


2019.02.21
yeeyeesoe-622 ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာတွင် ၂ဝ၁၉ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က အစိုးရတပ်မတော်က ပစ်ခတ်သည့် သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့သူ မရီရီစိုး။
Citizen Journalist

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာထဲကို အစိုးရတပ်ဘက်က ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ပစ်ခတ်ခဲ့တဲ့ အတွက် အသက် ၁၈ နှစ်အရွယ် မရီရီစိုး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

တပ်မတော်က ပစ်ခတ်နေချိန်အတွင်း မရီရီစိုးက အိမ်ပေါ်ကို တက်ပြေးချိန်မှာ ကျည်ထိမှန်သွားတာကို မြင်တွေ့ခဲ့ရ တယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။ ရွာသူရွာသားတွေအားလုံး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ စုပြီး စစ်ဆေးခံနေရတဲ့အတွက် ညနေ ၃ နာရီလောက်ကျမှ ရွာသားတွေအားလုံး သွားရောက်ကြည့်ရှုပြီး မရီရီစိုး သေဆုံးခဲ့ရတာကို အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

တပ်မတော်စစ်ကြောင်း တာဝန်ရှိသူတွေကတော့ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က  ဒေသခံ အရပ်သားတွေဟာ ပစ်မှတ်တွေမဟုတ်ကြောင်း၊ စစ်ပွဲအတွင်း ဓါးစာခံဖြစ်ရသူတွေရဲ့ မိသားစုတွေအတွက် စိတ်နှလုံးထိခိုက်ကြေကွဲရကြောင်း သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖေါ်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။