မစ္စယန်ဟီးလီ ပေါင်မြို့နယ်က ကုန်ထုတ်စခန်းတွေ သွားရောက်လေ့လာ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီဟာ အကျဉ်းသား ၃၀၀ ကျော်ရှိတဲ့ မွန်ပြည်နယ် ဇင်းကျိုက်မြို့က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဇင်းကျိုက် ကုန်ထုတ် စခန်းကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

မစ္စယန်ဟီးလီဟာ အကျဉ်းသားတွေနေထိုင်ရေးနဲ့ စားသောက်ရတဲ့ အခြေအနေတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

အဲဒီကုန်ထုတ်စခန်းမှာ အကျဉ်းသားတွေနေထိုင်တဲ့ အဆောင်တွေကို လိုက်လံလေ့လာခဲ့ပြီး အကျဉ်းသားတွေ လုပ်ကိုင်တဲ့ ပေါင်မြို့နယ် ဖလပ်ကျေးရွာက ကျောက်ထုတ်တဲ့ ကုန်ထုတ်စခန်းကိုလည်း သွားရောက်လေ့လာ ခဲ့ပါတယ်။

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်အောက် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ရဲဘက်စခန်းပို့လေ့ရှိတာဖြစ် ပါတယ်။ အကျဉ်းဦးစီးဌာနလက်အောက်မှာ ကုန်ထုတ်စခန်း ၁၈ ခုရှိပြီး အမျိုးသမီး ကုန်ထုတ်စခန်း ၂ ခုရှိတယ်လို့ သိရပါတယ်။

ဖလပ်ကျေးရွာက ကုန်ထုတ်စခန်းမှာ လုပ်ကွက် ၂ ခုရှိပြီး လုပ်ကွက်တစ်ခုမှာ အကျဉ်းသား ၁၈၀ လုပ်ကိုင်ကြ တာဖြစ်ပါတယ်။

ရဲဘက်စခန်းကိုရောက်နေတဲ့ အကျဉ်းသားတစ်ဦးဟာ တစ်နေ့ လုပ်အားခ ကျပ် ၂၀၀ ရရှိတယ်လို့ သိရပါတယ်။ ရဲဘက်စခန်းကို ရောက်ရှိလာတဲ့ အကျဉ်းသားတွေနဲ့ အခြေအနေနဲ့ လုပ်ကိုင်ရတာတွေကို မစ္စယန်ဟီးလီ ကို ရှင်းပြခဲ့တယ်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်သလို နေပြည်တော်မှာ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။