ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြ

2021-03-01
Share

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဆန္ဒပြပွဲအတွင်း ရန်ကုန်မှာ လူလေးဦး သေဆုံးခဲ့ပြီးတော့ လူ ၆၀၀ ကျော်လောက် အဖမ်းခံခဲ့ရတယ်လို့ အဖမ်းခံရသူတွေဘက်က လိုက်လံကူညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

မတ်လ ၁ ရက်နေ့ ဒီကနေ့မှာတော့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ ရှေ့နေတွေဟာ ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ခွင့်ရဖို့မျှော်လင့်ချက်နဲ့ ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ စုရုံးနေကြပါတယ်။

မနေ့ကဖမ်းသွားကတည်းက အခုအချိန်ထိ ဘာအဆက်အသွယ်မှမရသေးဘူးလို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရင်း မတရားဖမ်းဆီးခံရသူတွေကို မြန်မာနိုင်ငံရှေ့နေများကောင်စီအပါအဝင် ရှေ့နေတွေက အခမဲ့ကူညီပေးနေပါတယ်။

ဖမ်းခံရသူတွေထဲကတချို့ကိုပြန်လွှတ်ပေးဖို့ရှိသလို့ နိုင်ငံရေးသမားတွေနဲ့ မီဒီယာသမားတွေကိုတော့ တရားစွဲဆို နိုင်တယ်လို့ အင်းစိန်ထောင်ကနေ စုံစမ်းသိရကြောင်း ရှေ့နေ တစ်ဦးကပြောပါတယ်။

အခုအချိန်ကာလဟာ ရပ်ကွက်နေပြည်သူတွေအကြား ညဘက်တွေမှာ ကိုယ်ထူကိုယ်ထ လုံခြုံရေးကင်းယူနေတဲ့အချိန် ဖြစ်သလို ရပ်ကွက်ထဲ သူစိမ်းဝင်မခံတဲ့အချိန် ဖြစ်တာကြောင့် ဖမ်းခံထားရသူတွေကို ညဘက်မှပြန်လွတ်ပေးမယ်ဆိုရင် အခက်အခဲတွေရှိတယ်လို့ အကူအညီပေးနေသူတဦးကလည်း ပြောပါတယ်။

မြန်မာ့နွေဦးမှသည် အာရှနွေဦးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြည်လုံးကျွတ် လမ်းမပေါ်ထွက် သပိတ်မှောက်ခဲ့တာဖြစ်ပြီး သေဆုံးသူနဲ့ ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဆန္ဒပြပွဲမှာ လူ ၂၆ ယောက် သေဆုံးသွားတယ်လို့ လူငယ်မျိုးဆက်သစ်အဖွဲ့တဖွဲ့ဖြစ်တဲ့ Generation Z အဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်ချိန်ကစလို့ ဒီနေ့အထိ ဖမ်းဆီးခံရသူအရေအတွက်ဟာ ၁၁၃၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းမှာဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့