မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတက်တာကြောင့် ရန်ကုန် မော်လမြိုင် ကားလမ်း ရေကြီးနေပြီး ထောင်နဲ့ချီတဲ့ ကားတွေ ပိတ်မိနေပါတယ်။
မနေ့ကည ၇ နာရီခွဲကတည်းက အဝေးပြေးလမ်းကို ပိတ်ထားပြီး ပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဘီးလင်း မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး က ပြောပါတယ်။
"ရန်ကုန် မော်လမြိုင် ကားလမ်း အခြေအနေက သူတို့ မနေ့ကည ၇ နာရီခွဲကတည်းက စပိတ်တယ်၊ ၇ နာရီခွဲစပိတ်တဲ့အချိန်က ကျနော်မှန်းကြည်တာ ၁၀၄၀ စင်တီမီတာလောက် စပိတ်တာ အခုက ၁၀၉၅ စင်တီမီတာအထိဆိုတော့ ရေကပိုမြင့်လာတာပေါ့၊ ဖျက်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူး၊ လောလောဆယ် ပိတ်ထားတယ် ကားကတဘက်ကို တစ်မိုင်ကျော်စီလောက် ပိတ်နေတယ်"
မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ကာ ရန်ကုန် မော်လမြိုင် ကားလမ်းမှာ ကားတွေပိတ်မိနေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးကို သွားကြတဲ့ အသွား အပြန်ကားတွေ ထောင်နဲ့ချီ ပိတ်မိနေတယ်လို့ ဒေါက်တာခင်နိုင်ဦး ကပြောပါတယ်။ ဘီးလင်းမြို့မှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ဘီးလင်းမြစ် ကမ်းဘေးရှိ ကျေးရွာအုပ်စု ၁၁ စု ရေလွှမ်းနေပြီး ရေဘေးဒုက္ခသည် ၄၅၀၀ကျော်ကို ကယ်ဆယ်ရေးစခန်း ၂၅ခုမှာ ကူညီဆောင်ရွက်ပေးနေရပါတယ်။
လက်ရှိအချိန်ထိ မြစ်ရေဆက်တက်နေတာကြောင့် ကျေးရွာတွေမှာ ကျန်ရှိနေတဲ့လူတွေကို ကယ်ဆယ်ရေး နဲ့ ထောက်ပံ့ရေးတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။
ရေဘေးကယ်ဆယ်ရေးလုပ်ပေးနေတဲ့ တပ်မတော်သားနှစ်ဦးဟာ ရေစီးနဲ့မျောပါသွားပြီး လက်ရှိ ရှာဖွေရေးတွေပြုလုပ်နေတယ်လို့ ဒေါက်တာခင်နိုင်ဦး ကပြောပါတယ်။
