ရေးမြို့မှာ ရေဘေး အရေးပေါ် ကယ်ဆယ်ရေးဆောင်ရွက်နေရ


2019.08.11
ye-flooding-622.jpg မွန်ပြည်နယ် ရေးမြို့နယ်မှာ ၂ဝ၁၉ သြဂုတ် ၁၁ ရက်နေ့က ရေဘေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်
ဓာတ်ပုံ - မင်းစိုးသိန်း

မွန်ပြည်နယ် ရေးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးရေချိန်များတာကြောင့် မနေ့ညက အချိန်အနည်းငယ် အတွင်း ရုတ်တရက်ရေတက်လာပြီး နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေးဘေးဒဏ်ခံစားရတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အရေးပေါ် ဆောင်ရွက်နေရပါတယ်။

အနိမ့်ပိုင်း ရပ်ကွက်ထဲက ပိတ်မိနေတဲ့သူတွေအများစုကို ကယ်ထုတ်ခဲ့ရပြီး ကျန်ရှိနေသူတွေကို ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရေအနည်းငယ်ကျသွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ရပ်ကွက် ၉ ရပ်ကွက်ရှိတဲ့ ရေးမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရေဘေးဒဏ်ခံစားနေရတယ်လို့ ဦးမျိုးဝင်းက ပြောပါတယ်။

လက်ရှိမှာ လူတွေကိုသာ ကယ်တင်နိုင်ပြီး ပစ္စည်းတွေမှာ ရေနစ်မြုပ်ပျက်စီးခဲ့သလို စားဝတ်နေရေးအတွက် အကူညီတွေ လိုအပ်နေသေးတယ်လို့လည်း သိရပါတယ်။

ရေးတောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ မနေ့ညပိုင်းကစလို့ ဖုန်းလိုင်းတွေပြတ်တောက်ပြီး အဆက်အသွယ် မရတော့တာကြောင့် အခြေအနေတွေ တိတိကျကျမသိရသေးဘူးလို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

အလားတူ တနင်္သာရီတိုင်း တနင်္သာရီမြို့မှာလည်း မြစ်ရေတက်နေတာကြောင့် အန္တရာယ်ရေအမှတ်ကိုကျော်သွားပြီး ရေဘေးဒုက္ခသည် ၃၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။