၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်မယ့် စစ်ကောင်စီအိပ်မက် ဖြစ်နိုင်ခြေနည်း

2022.08.02
Share on WhatsApp
Share on WhatsApp
၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်မယ့် စစ်ကောင်စီအိပ်မက် ဖြစ်နိုင်ခြေနည်း စစ်ကောင်စီခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသည့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခဲ့ပြီးတွေ့ရစဉ်
Photo: THET AUNG / AFP

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီက အရေးပေါ် ကာလအခြေအနေကို သက်တမ်းတိုးခွင့်တောင်းတာကြောင့် ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ ၂၀၂၂ ဩဂုတ် ၁ ရက်ကနေ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ နောက်ထပ်ခြောက်လ သက်တမ်းတိုးခွင့် ပေးလိုက်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပထမခြောက်လကို သက်တမ်း တိုးခဲ့ပြီး ဖြစ်တာကြောင့် အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ် သက်တမ်းတိုးခွင့်လည်း ဖြစ်ပါတယ်။

အဲဒီကာလပြီးရင် ကာလုံအဖွဲ့က ပုဒ်မ ၄၂၆ အရ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီကနေ အာဏာသုံးရပ်ကို ပြန်ယူပြီး နောက်ခြောက်လအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၉ မှာ ရေးထားပါတယ်။

ဒီရွေးကောက်ပွဲ မအောင်မြင်ရေးအတွက် လက်နက်ကိုင်ခုခံမှုကို အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"ပြည်သူလူထုရယ်၊ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရယ်၊ ကျနော်တို့ မဟာမိတ်အင်အားစုတွေရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအုပ်စုတွေ ရယ် ကတော့ ဒီရွေးကောက်ပွဲမဖြစ်အောင်၊ သူတို့ အတုအယောင် ရွေးကောက်ပွဲ မအောင်မြင်အောင် နည်းမျိုးစုံနဲ့ လုပ်သွားမှာ။ ဒီထက်ပိုပြီး အရေးကြီးတာက ကျနော် တို့တွေ အားလုံးက ကျနော်တို့ရဲ့ မဟာမိတ်အဖွဲ့အစည်းတွေ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ ပူးတွဲပြီးတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ်ဆိုး အမြန်ဆုံး ပျောက်ကွယ်သွားဖို့ အရှိန်အဟုန်မြှင့်ပြီး လုပ်ကိုင်နေမှာ ဖြစ်ပါတယ်"

လက်နက်ကိုင်တော်လှန်မှု ဘယ်အချိန်အောင်မြင်မလဲ တပ်အပ်မပြောနိုင်ပေမယ့် အချိန်တိုတိုနဲ့ အောင်မြင်လာဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

ဒီလှုပ်ရှားမှုမှာ လူထုက ပါဝင်မှု မြင့်မားလာဖို့လည်း NUG က မျှော်လင့်နေပါတယ်။ လက်နက်ကိုင်တော်လှန်မှု အားအကောင်းဆုံးဒေသတစ်ခုဖြစ်တဲ့ ကယားပြည်နယ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး(၁) ခူးဒယ်နီယယ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို သူတို့ဘက်က ပယ်ဖျက်ပြီးသားဖြစ်တာမို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို နည်းမျိုးစုံနဲ့ ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

"စစ်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းတို့လို၊ ချင်းတို့၊ ကချင်တို့၊ ကျနော်တို့ (ကယား) အဲဒီလို နေရာတွေမှာ သူတို့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ မလွယ်ဘူး။ ကျနော်တို့ အနေနဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီးပြီဆိုတာ ကြေညာပြီးသား။ သူတို့ဘက်ကနေ ဒီဟာကို မဖျက်ဘဲ လုပ်သင့်တာတွေ လုပ်နေမှာပဲ။ ကျနော်တို့ကလည်း ကန့်ကွက်ရမယ့် အပိုင်း၊ ဖြိုဖျက်ရမယ့်အပိုင်းတွေ လုပ်နေမှာပဲ"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သြဂုတ်လ ၁ ရက် အာဏာသိမ်း ၁၈ လပြည့် မိန့်ခွန်းမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ ဝန်ခံပြောဆိုသွားပါတယ်။

ဒါ့ကြောင့် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ က ပြောပါတယ်။

"လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် တိုင်းပြည်ဟာ တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ မည်သည့်ပုံစံနဲ့ မဆို ခြိမ်းခြောက်အကျပ်ကိုင်၊ ဖိအားပေးခံရမှု မရှိဘဲ မိမိဆန္ဒအတိုင်း မဲပေးဖို့ လိုအပ်ပါတယ်။ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး လွတ်လပ်ပြီး တရား မျှတစွာ နေရာအနှံ့ အကြားအလပ်မရှိ ကျင်းပနိုင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ တရားမျှတမှုနဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ မရှိစေဖို့အတွက် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေ အမြန်ဆုံးတည်ငြိမ်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို ကျနော်တို့ မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် ၃၃၀ မြို့နယ်ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်မှာ ပြုလုပ်နိုင်ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ် နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်တို့မှာ ကျင်းပ နိုင်ခဲ့ပါတယ်။

လာမယ့် ၂၀၂၃ ရွေးကောက်ပွဲသစ်မှာ နိုင်သူ အကုန်ယူ (First Past The Post-FPTP) ရွေးကောက်ပွဲစနစ် ဟာ ပြည့်စုံ လုံလောက်မှု မရှိတဲ့အတွက် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation-PR) ကို အသုံးပြုဖို့ လုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက ရွေးကောက်ပွဲအသစ် လုပ်မယ့်အကြောင်းနဲ့ PR စနစ်ကို အသုံးပြုမယ့် အကြောင်း မကြာခဏ လူသိရှင်ကြား ထုတ်ပြောလေ့ရှိတာကြောင့် လာမယ့် ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲသစ် လုပ်နိုင်မလား၊ မလုပ်နိုင်ရင် အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

2020election-voting.jpg
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က မဲရုံတစ်ရုံမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေကြသူများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ စစ်ကောင်စီဟာ ရည်မှန်းထားတဲ့အတိုင်း ၂၀၂၃ မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် လက်ရှိ ဖွဲ့စည်းပုံအရ သက်တမ်းထပ်တိုးခွင့် လည်း မရှိတော့တာကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး အချိန် အကန့် အသတ် မရှိ အာဏာဆက်ယူထားတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

"ရွေးကောက်ပွဲဖြစ်နိုင်ခြေက သိပ်မသေချာဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးက မရှိသေးဘူး။ နိုင်ငံရေး တည်ငြိမ်မှုမရှိတာက အဓိက ပေါ့လေ။ အဲ့ဒီလို မရှိတဲ့အတွက်ကြောင့် ဒီအခြေအနေတွေ က တိုင်းပြည်အေးချမ်းတည်ငြိမ်ဖို့အတွက် အခြေအနေမပေးသေးတဲ့အတွက် နောက်ထပ် နစက ကနေပြီးတော့ တာဝန်ဆက်ယူမယ်။ အဲ့လို ဆက်ယူတဲ့အခါ အခြေခံ ဥပဒေအရကလည်း အဲ့ဒါကို ခွင့်ပြုမထားတဲ့အတွက်ကြောင့် သူတို့က အခြေခံ ဥပဒေကို ဖျက်သိမ်းပြီးတော့ နောက်ထပ် အခြေခံဥပဒေသစ် ရေးဆွဲမယ်ဆိုတာမျိုးကလည်း ဖြစ်နိုင်ခြေရှိနေတယ်"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပေးအပ်ထားတဲ့ တာဝန်တွေ မပြီးမြောက်သေးတဲ့အတွက် သတ်မှတ်ချိန်ကာလ တိုးမြှင့် ပေးဖို့ တောင်းဆိုလာရင် တစ်ကြိမ်ကို ခြောက်လနဲ့ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီခြောက်လအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ဆွေးနွေးရေး အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင်တော့ ၂၀၂၃ မှာ ရွေးကောက်ပွဲအသစ် ကျင်းပနိုင်တာမျိုးလည်း အနာဂတ်မှာ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ ဦးရဲထွန်း က သုံးသပ်ပါတယ်။

အိမ်နီးချင်း အာဆီယံက ကြားဝင်စေ့စပ်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် လက်ခံထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်မှာလည်း သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အဓိကအရေးကြီး အချက်တစ်ချက်အဖြစ် ဖော်ပြ ထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်လည်း သူ့ရဲ့မိန့်ခွန်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဆီယံ သဘောတူညီချက်တွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့တာကြောင့် ဘုံသဘောတူညီချက်တွေထဲက ဦးစားပေးလုပ်နိုင်တာတွေကို လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

ဒါ့ကြောင့် လက်ကျန်ခြောက်လအတွင်းမှာ တွေ့ဆုံဆွေးမှုတွေ လုပ်နိုင်ရင်တော့ ရွေးကောက်ပွဲအသစ်ဆိုတာဟာ ဖြစ်လာနိုင်တယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းကြည်ဇင်စိုး ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီမိုကရေစီလှုပ်ရှားသူတွေကို သေဒဏ်ပေးကွပ်မျက်လိုက်တာကို ကြည့်ရင် စစ်ကောင်စီဟာ ပဋိပက္ခတွေကို ပြေလည်စေချင်တဲ့ ဆန္ဒရှိမနေဘူးလို့ ထောက်ပြပါတယ်။

"ပြည်တွင်းမှာ မထောက်ခံတဲ့ ရွေးကောက်ပွဲတစ်ခုကို နိုင်ငံတကာကထောက်ခံပေးဖို့ အင်မတန်မှ ခက်ခဲလိမ့်မယ်"

ပြေလည်မှုမရှိဘဲ ရွေးကောက်ပွဲကို ဇွတ်လုပ်မယ်ဆိုရင် ရွေးကောက်ပွဲရလဒ်ကို ပြည်တွင်း ရော နိုင်ငံတကာအသိုက်အဝန်းကပါ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

"ရွေးကောက်ပွဲက ဘာမှ အဓိပ္ပာယ်ရှိစရာ အကြောင်းမရှိဘူး။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲက ထွက်လာတဲ့ အဖြေကိုလည်း မှန်ပါတယ်၊ တရားမျှတပါတယ်ဆိုတဲ့ ဟာက လူတွေလက်ခံအောင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ထုံးစံအတိုင်း သူတို့လုပ်ချင်တာ လုပ်မှာပဲ။ အဲလိုသဘောနဲ့ဆိုရင် ပြည်တွင်းမှာလည်း ထောက်ခံမှုရဖို့ မလွယ်နိုင်သလို အတိုက်အခံအင်အားစုတွေကြားထဲမှာလည်း ထောက်ခံမှု ရဖို့ ခက်လိမ့်မယ်။ ပြည်တွင်းမှာ မထောက်ခံတဲ့ ရွေးကောက်ပွဲတစ်ခုကို နိုင်ငံတကာကထောက်ခံပေးဖို့ အင်မတန်မှ ခက်ခဲလိမ့်မယ်"

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ၂၀၂၃ အထွေထွေရွေးကောက်ပွဲကို အသိအမှတ်ပြုမှာမဟုတ်ဘူး လို့ မကြာသေးခင်ကပဲ ကြေညာချက်ထုတ်ပြီး ပြောထားပါတယ်။

အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း မလေးရှားအစိုးရအနေနဲ့ မြန်မာစစ်တပ်က ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲကိုမဆို ဆန့်ကျင်မှာဖြစ်သလို အာဆီယံနိုင်ငံ အားလုံးကလည်း ဆန့်ကျင်ဖို့ ဇူလိုင် ၃၀ ရက်နေ့က လူသိရှင်ကြား တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်၊ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်လို့ မထောက်ခံသင့်ကြောင်း ပြီးခဲ့တဲ့ ဇွန်လ သူ့ရဲ့ ထိုင်း၊ စင်္ကာပူနဲ့ ဘရူနိုင်းနိုင်ငံ ခရီးစဉ်မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။