ပြည်ပအလုပ်အကိုင်အေဂျင်စီ ငါးရာခန့် လုပ်ငန်းရပ်နားထားရ
2025.03.14

လူငယ်တွေ ပြည်ပထွက်ခွာတဲ့အပေါ် စစ်ကောင်စီက နည်းမျိုးစုံနဲ့ကန့်သတ်နေပြီး ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကိုပါ ဖိအားပေးအရေးယူနေတာကြောင့် မြန်မာပြည်မှာ အေဂျင်စီ ခြောက်ရာခန့်ရှိတဲ့အထဲက ငါးရာဝန်းကျင်ဟာ လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ အလုပ်အကိုင်အေဂျင်စီတွေဘက်က ပြောပါတယ်။
စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသားတွေကို အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (PJ) ထုတ်မပေးတော့တာနဲ့ ပြည်ပအလုပ်သမားသက်သေခံကတ် (Oversea Workers Identity – OWIC) ကတ်ပါ ယာယီပိတ်လိုက်တာတွေကြောင့် အခုလို ရပ်နားနေရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက မလွှဲလို့ဆိုပြီး အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေကို အရေးယူခဲ့တာကြောင့်လည်း အများစု ရပ်နားခဲ့ရတာပါ။
လုပ်ငန်းတွေရပ်နားထားရတဲ့ အေဂျင်စီ ငါးရာလောက်ရှိပြီး ကျန်တဲ့ ငါးဆယ်လောက်ပဲ ဆက်လည်ပတ်နေတယ်လို့ လက်ရှိ အလုပ်နားထားရတဲ့ ရန်ကုန်မြို့က အလုပ်အကိုင်အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"ခြောက်ရာလောက်ရှိတယ်ဆိုတော့လေ ငါးဆယ်လောက်ကတော့ ဒီလိုပဲ လှည့်ပတ်ပြီးတော့ သိတယ်မဟုတ်လား၊ လက်ကျန်လေးတွေရ၊ လူပို့စရာရှိတာလေးတွေ ရှိတာတွေ။ တချို့ဆို တစ်ယောက်စ၊ နှစ်ယောက်စလေးတွေ ရတာတွေ။ ဂျပန် Run တာတို့ ဘာတို့တော့ ရှိမှာပေါ့။ အနည်းဆုံး ငါးရာလောက်ကတော့ အခြေအနေစောင့်ကြည့်နေရတဲ့သဘောပေါ့။ မလည်ပတ်နိုင်သေးဘူးပေါ့"
လုပ်ငန်းရပ်နားထားရတဲ့ အေဂျင်စီတွေဟာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို လုပ်သားစေလွှတ်မှု မရှိကြောင်း တစ်လတစ်ကြိမ် အစီရင်ခံစာနဲ့ တင်ပြနေရတယ်လို့လည်း ဆိုပါတယ်။
"အခုကတော့ လုံးဝကိုရပ်သွားပြီ။ ပြီးခဲ့တဲ့လ (ဖေဖော်ဝါရီလ) ၁၉ ရက်နေ့ကတည်းက အကုန်လုံး အားလုံးကတော့ ရပ်သွားပြီ။ တစ်ယောက်မှ မပို့နိုင်တော့ဘူး"
လက်ရှိ ဂျပန်ကို လုပ်သားစေလွှတ်တဲ့ အေဂျင်စီတချို့သာ လုပ်ငန်းလည်ပတ်နိုင်ပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ ဒူဘိုင်းကို လုပ်သားစေလွှတ်တဲ့ အေဂျင်စီတွေ ရပ်နားထားရတယ်လို့ ရန်ကုန်မှာရှိတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦး RFA ကို ပြောပါတယ်။
"အခုကတော့ လုံးဝကိုရပ်သွားပြီ။ ပြီးခဲ့တဲ့လ (ဖေဖော်ဝါရီလ) ၁၉ ရက်နေ့ကတည်းက အကုန်လုံး အားလုံးကတော့ ရပ်သွားပြီ။ တစ်ယောက်မှ မပို့နိုင်တော့ဘူး။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ကျွန်တော်တို့ စင်ကာပူ သင်္ဘောကျင်းက အလုပ်သမား အယောက်တစ်ရာလောက် လိုချင်ပါတယ်တဲ့၊ ဆက်သွယ်လာတယ်လေ။ သူတို့ကလည်း လိုချင်တဲ့ အသက် အပိုင်းအခြားကလည်း သိတဲ့အတိုင်းပဲ။ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားဆိုတော့ သူတို့ကလည်း လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်တွေပဲ သူတို့က ခေါ်ချင်တာကိုး။ ဒါပေမဲ့ ဒီဘက်မှာလည်း အဲဒီ အသက်အရွယ်က OWIC ကတ် လုပ်လို့မရဘူးဆိုတော့ အဲဒါ မင်းတခြား ဗီယက်နမ်တို့၊ ဘင်္ဂလားဒေ့ရှ်တို့ အဲဒီလို နိုင်ငံတွေသာ မင်းသွားခေါ်ပါတော့ကွာလို့။ တို့မြန်မာပြည်ကတော့ လက်တလော လုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်လို့ဆိုပြီးတော့ အဲဒီ အော်ဖာတွေကို ကန်ဆယ်လုပ်ပစ်ရတယ်"
ဆက်နွှယ်သောသတင်းများ
အခွန်မဆောင်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ရာကျော် စစ်ကောင်စီ လုပ်ငန်းဆိုင်းငံ့ထား
ပြန်ပို့ငွေ မတင်ပြနိုင်တဲ့ အေဂျင်စီ လေးဆယ်နီးပါးကို အရေးယူဖို့ စစ်ကောင်စီ ပြင်ဆင်
နိုင်ငံခြားပြန်လူငယ်တွေ ပြန်လည်ထွက်ခွာခွင့် စစ်ကောင်စီ တင်းကျပ်
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၉ ရက်ကစပြီး OWIC ကတ်ထုတ်ပေးမှုကို ယာယီ ရပ်နားခဲ့ပေမဲ့ မတ်လ ၂၀ ရက်နေ့မှာစပြီး ပြန်ထုတ်ပေးမယ်လို့ ပြီးခဲ့တဲ့ရက်က ကြေညာထားပါတယ်။
ဒါပေမဲ့ ပြည်ပမှာအလုပ်လုပ်ဖို့ ခွင့်ပြုချက်ရပြီးသူတွေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားမဲ့သူတွေကို မတ်လ ၂၀ ရက်နေ့ကစပြီး OWIC ကတ်အသစ် ပြန်ထုတ်ပေးမဲ့အကြောင်း မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့စာကို ၁၁ ရက်နေ့ သတင်းစာတွေမှာ ကြေညာထားပါတယ်။
အဲဒီကြေညာချက်ထဲမှာ ပြည်ပထွက် အလုပ်လုပ်မဲ့သူတွေအနေနဲ့ OWIC ကတ်ရမှ လေယာဉ်လက်မှတ်ဝယ်ယူဖို့လည်း သတိပေးထားပါတယ်။
OWIC ကတ် ပြန်ထုတ်ပေးရုံနဲ့မရဘဲ လူငယ်အမျိုးသားတွေကို ပြည်ပထွက်ခွင့်ပိတ်ထားတာပါ ဖြေလျှော့ပေးမှ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မှာဖြစ်တယ်လို့ ပြည်ပအလုပ်အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အဲဒါ (OWIC ကတ်) ပေးရုံနဲ့ မရသေးဘူး။ ၁၈ နှစ်မှ ၃၅ မထွက်ရဘူးဆိုတာ အဲဒါပါ ထပ်ဖွင့်ရဦးမှာ။ အဲဒါ (OWIC ကတ်) ပေးတာတော့ လောလောဆယ် ဘာကောင်းလဲဆိုတော့ မိန်းကလေးတွေ ကောင်းတာပေါ့။ မိန်းကလေးတွေ သွားလို့ရတာပေါ့။ ၃၅ ကျော်တဲ့အသက်ကြီးတွေ သွားလို့ရတာပေါ့"
PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ်ရှိထားတဲ့ အလုပ်သမားတွေဟာ ခွင့်ရက်စေ့ပြီး လုပ်ငန်းခွင် ပြန်မယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို အထောက်အထားအပြည့်အစုံနဲ့ အွန်လိုင်းကနေ ငါးရက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ခွင့်ပြုချက်ရမှသာ ပြည်ပကို ပြန်ထွက်ခွင့်ပေးမယ်လို့လည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဒီကန့်သတ်ချက်ကြောင့် မလေးရှားကနေ ခွင့်နဲ့ မြန်မာပြည်ပြန်လာတဲ့ လူငယ်တစ်ဦးလည်း လုပ်ငန်းခွင်ပြန်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။
"ခွင့်ပြန်တွေဆိုရင် အရင်က အသက်ပိုင်းခြားထားတာ မရှိဘူးလေ။ ကိုယ်က ခွင့်နဲ့ပြန်လာတာဆိုတော့ အခု ဒီရောက်မှ ခွင့်ပြန်တွေရော အကုန်လုံးက OWIC တွေက ဟိုအသက် ၁၈ နှစ် ၃၅ နှစ်ကြားထဲကို ပိတ်သွားတယ်ဆိုတော့လေ။ ကျွန်တော်တို့အတွက်တော့ ခက်ခဲတာပေါ့။ ပြန်မတက်ရင်လည်း ကိုယ်တွေအတွက်ကျတော့ ဆုံးရှုံးမှုတွေ ရှိတယ်လေ။ ကျွန်တော်ကလည်း အသက်အပိုင်းအခြားနဲ့ ငြိသေးတယ်လေ"
ပြီးခဲ့တဲ့ ဇန်ဝါရီလကလည်း ပြည်ပရောက်အလုပ်သမားတွေက မိသားစုလွှဲပို့ငွေ တရားဝင်မပို့တဲ့အပေါ် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ တစ်ရာဝန်းကျင်ကို ယာယီပိတ်သိမ်းခဲ့ပါတယ်။
စစ်ကောင်စီဘက်က နည်းမျိုးစုံနဲ့ ကန့်သတ်နေတာကြောင့် ပြည်ပထွက်အလုပ်လုပ်ချင်သူတွေ အခက်အခဲမျိုးစုံ ကြုံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"လုပ်လက်စတန်းလန်းတွေ ဖြစ်ကုန်တာပေါ့နော်၊ အလုပ်သမားတွေ မထွက်ရဘူးဆိုတော့။ အသစ် ထပ်မလုပ်ရတာက ပြဿနာမရှိဘူး။ လောလောဆယ် ပတ်စ်ပို့ ရိုက်ပြီးသားတို့ ဘာတို့ပေါ့နော်။ နောက်တစ်ချက် ခွင့်တင်ပြီး ပြန်လာပြီးတော့ စမတ်ကတ်ရိုက်ပြီး သက်တမ်းတိုးပြီး ပြန်မထွက်ရတာတွေ၊ အဲဒါတွေက ဒုက္ခရောက်နေတာပေါ့နော်။ လောလောဆယ်တော့ မသွားရတော့ဘူး"
ဒီလို ကန့်သတ်ပိတ်ပင်နေတာကြောင့် နောက်ပိုင်းမှာ လုပ်ငန်းတွေ နှေးသွားနိုင်တယ်လို့ ယာယီရပ်နားထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။
"အလုပ်သမားရှားပါးတာနဲ့ ဒီလုပ်ငန်းကတော့ တဖြည်းဖြည်း နှေးသွားမယ်လို့ ထင်တယ်။ ဟိုဘက်ကလည်း Demand (ခေါ်စာ) တွေမရှိ။ ဒီဘက်မှာလည်း အလုပ်သမားထွက်ဖို့က အရင်လိုမဟုတ်ဘူး။ နည်းနည်း စိစစ်ပြီးတော့မှ ထွက်လို့ရမယ် ဘာညာဆို Process (လုပ်ငန်းစဉ်) တွေ နှေးသွားမှာပေါ့နော်"
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးရုံးနဲ့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတို့ကို RFA က မတ်လ ၁၀ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ထုတ်ပြန်ချက်တွေအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့အထိ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၉၅ ခု ရှိပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ ပြောပြချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကလည်း အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ မတင်ပြနိုင်တဲ့ အေဂျင်စီ ၁၄၆ ခုကို စစ်ကောင်စီက အရေးယူခဲ့ပါတယ်။
ဒါ့အပြင် အခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း စစ်ကောင်စီကို အခွန်မဆောင်တဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ရာကျော် (၁၂၃ ခု) ကို လုပ်ငန်းလုပ်ကိုင်ခွင့် ဆိုင်းငံ့ခဲ့ပါတယ်။