ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးရတဲ့ ဘာသာရေး အဆောက်အအုံ ရှစ်ရာနီးပါးရှိလာ
2024.12.02
နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတာနဲ့အမျှ ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေလည်း အာဏာသိမ်း လေးနှစ်နီးပါးအတွင်းမှာ ရှစ်ရာနီးပါးအထိ ရှိလာနေပါတယ်။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ နိုဝင်ဘာလကုန်အထိ ကချင်ပြည်နယ်မှာ တစ်လုံး၊ ကရင်ပြည်နယ်မှာ ၈၄ လုံး၊ ရခိုင်ပြည်နယ်မှာ ၇၃ လုံး၊ ရှမ်းပြည်နယ်မှာ ၂၇ လုံး၊ ပဲခူးတိုင်းမှာ ငါးလုံး၊ ချင်းပြည်နယ်မှာ ၁၁၇ လုံး၊ စစ်ကိုင်တိုင်းမှာ ၃၉၇ လုံး၊ မကွေးတိုင်းမှာ ၃၆ လုံး၊ ကယား ပြည်နယ်မှာ ၃၆ လုံးနဲ့၊ တနင်္သာရီတိုင်းမှာ ၁၁ လုံး၊ စုစုပေါင်း ၇၈၇ လုံး ပျက်စီးခဲ့ရပါတယ်။
“ဘာသာရေး အဆောက်အအုံတွေ တိုက်ခိုက်တယ်ဆိုတာက သူတို့ တမင်တကာ လုပ်တာပေါ့"
ပျက်စီးခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံတွေဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပြင် ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ကုန်းလောရွာက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် အပါအဝင် ကိုးဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီ တိုက်ခိုက်နေကြောင်း Myanmar Witness ထုတ်ပြန်
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က ဘာသာရေးအဆောက်အအုံ တစ်ရာကျော် ပျက်စီး
ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော်သေဆုံးခဲ့
စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘုရားကျောင်းကို ဗုံးကြဲတာဟာ လူမဆန်တဲ့လုပ်ရပ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
"ခရစ်ယာန်ဘုရားကျောင်း ဆိုတာလည်း သိပြီးသား ဖြစ်ပါတယ်။ အစီစဉ်ရှိရှိနဲ့ တမင်တကာ လေကြောင်းက ဗုံးကြဲတယ်ဆိုတာကတော့ ဒါကတော့ လူမဆန်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ စစ်ရာဇာဝတ်မှုမြောက်တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကတော့ လုံးဝ မလုပ်သင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ အဲလောက်ကြီး ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်တယ် ဆိုတာကတော့ စစ်ကောင်စီကို ပြည်သူလူထုက စိတ်နာမှာ ဖြစ်ပါတယ်"
အာဏာသိမ်းလေးနှစ်နီးပါးအတွင်း စစ်ကိုင်းတိုင်းမှာ ဘာသာရေး အဆောက်အအုံ ၃၉၇ လုံးအထိ တစ်နိုင်ငံလုံးမှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့တာဟာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင် ရွာတွေကို ဝင်ရောက် မီးရှို့တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲမှာ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာက ခရစ်ယာန်ဘုရားကျောင်းလည်း ပါဝင်ပါတယ်။
စစ်ကောင်စီတပ်က ဘုရားကျောင်းကို ပစ်မှတ်ထားပြီး အကြိမ်ကြိမ် ဗုံးကြဲချတာတွေရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံလှရွာခံအမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းစပြီးထိုးတဲ့ နှစ်ကလည်း Mi35 နဲ့ နှစ်ကြိမ်ရှိပြီ ဂျတ်ဖိုက်တာနဲ့က ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီ ၅၇ မိနစ်မှာက ဂျတ်ဖိုက်တာနဲ့ တစ်ခါပစ်ခံရဖူးတယ်။ အခုဟာက အောက်တိုဘာလထဲကိုက ဒရုန်းနဲ့ ဗုံးသီးချတာ သုံးကြိမ်ရှိသွားပြီ။ အဲမှာ Church ကျောင်းကြီး နောက်ဘက်တစ်ခြမ်းလုံး ပျက်စီးပြီးတော့ တစ်ကျောင်းလုံးရဲ့ ကျောင်းမှန်တွေ အကုန်ပျက်စီးသွားတယ်”
စစ်ကောင်စီဘက်က PDF တွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပေမဲ့ မြေပြင်မှာတော့ ကာကွယ်ရေးတပ်တွေ လှုပ်ရှားနေတာ မရှိဘူးလို့ သူကဆိုပါတယ်။
အိမ်ခြေ ခုနစ်ရာခန့်ရှိတဲ့ မုံလှရွာမှာ အိမ်ခြေ နှစ်ရာကျော်က ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းမှာ ဘာသာရေး အဆောက်အအုံပျက်စီးမှု ၁၁၇ လုံးနဲ့ ဒုတိယ အများဆုံးရှိခဲ့တဲ့ ချင်းပြည်နယ်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က မင်းတပ်မြို့နယ် အမှတ်-၃ တိုက်နယ်အတွင်းက နှုန်းဘုံရွာ ဘုရားကျောင်း အပါအဝင် ဒေသခံတွေရဲ့ နေအိမ်ကို စစ်ကောင်စီက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲခံရမှုတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ အမည်မဖော်လိုတဲ့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ အချိန်မျိုးမှာဆိုရင်လည်း အဲနေရာက သူသူ ကိုယ်ကိုယ် စိတ်ထဲမှာ ပိုလုံခြုံမယ်၊ ပိုနွေးထွေးမယ်လို့ ထင်ပြီးတော့ သွားနေကြတဲ့ သူတွေအများကြီးပဲလေ။ အဲနေရာတွေကိုတောင် ဗုံးကြဲတယ်ဆိုတော့ လူတွေအတွက်က ခိုကိုးရာမဲ့သလို ဖြစ်တာပေါ့။ ဘယ်နေရာက လုံခြုံသလဲ၊ မလုံခြုံဘူးလဲ ဆိုတာတောင် စိတ်ခံစားချက်တွေ ကင်းမဲ့ပြီးတော့ အရမ်းကြီး စိတ်မကောင်းဘူးပေါ့နော်။ လူတွေရဲ့ အထွတ်မြတ်ထားတဲ့နေရာ၊ ယုံကြည်ကိုးကွယ်တဲ့ နေရာမျိုးကိုတောင် ဒီလိုမျိုး ဗုံးကြဲတိုက်ခိုက်ခံရတယ်ဆိုတော့ အရမ်းစိတ်မကောင်းဘူးပေါ့နော်”
ဘာသာရေး အဆောက်အအုံတွေဟာ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ အများပြည်သူ ခိုလှုံရာနေရာဖြစ်တာကြောင့် ဒါကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တာဟာ လူသားချင်း စာနာစိတ်မရှိတာကို ပြသနေတာလို့လည်း သူက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းမှာတော့ ဒေသခံတွေဟာ လေကြောင်းရန် ကင်းလွတ်ရာနေရာတွေကို ဘာသာရေး အဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေအစား တောတောင်တွေအတွင်းမှာပဲ ရှာဖွေပုန်းခိုကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက သူတို့ရဲ့ တိုက်ခိုက်မှုတွေအတွက် ဘာသာရေး အဆောက်အအုံတွေကို ခွဲခြားထားပုံမရဘူးလို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ပြောခွင့်ရသူ ပဒိုစောတောနီးက ဝေဖန်ပါတယ်။
“အဲဒီ ဘာသာရေး အဆောက်အအုံပါမကျန် အကုန်လုံး လူထုက ခိုလှုံနေမယ်ဆိုရင်လည်း မရှောင်ဘူး။ အကုန်လုံး လုပ်တဲ့ဟာလည်း အခုမှပဲ မဟုတ်ဘူး လုပ်တာလည်းကြာပြီ။ အဲဒါလည်း ကျွန်တော်တို့လည်း ပြောပေါင်းများပြီလေ။ ဆိုလိုတာကတော့ ကျွန်တော်တို့ အနေနဲ့ကတော့ စစ်ကောင်စီဟာ ဒီတော်လှန်ရေးအဖွဲ့စည်းတွေကို၊ တော်လှန်ရေးသမားတွေကို တိုက်ခိုက်ရုံတင် မဟုတ်ဘူး။ အဲဒါကြောင့်မို့ ပြည်သူလူထု ဘာမှလက်နက်မရှိတဲ့ သူတို့ Total War လေ။ တကယ့်ကို စစ်ဆင်နွှဲနေတယ်ဆိုတာကို အဆုံးစွန် စစ်ဆင်နွှဲနေတယ်ဆိုတာကို ပြသလိုက်တာပဲ”
နိုင်ငံတကာ ဥပဒေတွေမှာ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားမတိုက်ခိုက်ဖို့ တားမြစ်ထားပေမဲ့ စစ်ကောင်စီကတော့ ဆက်လက်တိုက်ခိုက်နေတာကြောင့် စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာလို့ သူက ဆိုပါတယ်။
ဘာသာရေး အဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်မှုတွေဟာ စစ်ကောင်စီအတွက် ပြည်သူ့တော်လှန်ရေးကို လက်တုံ့ပြန်တဲ့ စစ်ဗျူဟာတစ်ရပ်လို ဖြစ်လာနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်း မန်ဟရဲလျန်က ပြောပါတယ်။
“ဘာသာရေး အဆောက်အအုံတွေ တိုက်ခိုက်တယ်ဆိုတာက သူတို့ တမင်တကာ လုပ်တာပေါ့။ ပထမဆုံး ဘာသာရေးကို ဘာကြောင့်တိုက်ခိုက်လဲ ပြောတဲ့အခါမှာ ဘာသာရေးက ကျွန်တော်တို့ရဲ့ အထွတ်မြတ်ထားတဲ့ နေရာဖြစ်တယ်ပေါ့။ ချင်းပြည်နယ်က တော်လှန်ရေး အားကောင်းတဲ့ ပြည်နယ်ဖြစ်တယ်။ ပြီးရင် ပြည်သူလူထုက တော်လှန်ရေးကို အားပေးတဲ့အခါမှာ ဒီအားပေးမှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ဘာသာရေး အဆောက်အအုံကို တမင်ရည်ရွယ်ပြီး တိုက်ခိုက်တာလို့ ကျွန်တော်က မြင်တယ်”
မန္တလေး သံဃာသမဂ္ဂက အရှင်ဓမ္မမေတ္တာကလည်း စစ်ကောင်းစီအဖွဲ့ဟာ အာဏာလက်မလွှတ်ရအောင် ဘာမဆိုလုပ်နေတဲ့ အနေအထားမျိုးတွေ့နေရတယ်လို့ မိန့်ပါတယ်။
"ဘုရား၊ တရား၊ သံဃာဆိုတာ သူတို့ရင်ထဲ နှလုံးထဲမှာ ဘာမှမရှိတော့ဘူးလေ။ သူတို့လိုအပ်မယ်ဆိုရင်တော့ ဘာသာရေးခေါင်းဆောင်တွေကို ဆည်းကပ်သယောင်ပြမယ်။ မလိုအပ်ဘူးဆိုရင်တော့ အခုလိုပဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ သပ်သပ်မဲ့ မီးရှို့ဖျက်ဆီးတာတွေ ဘာသာရေး ခေါင်းဆောင်တွေဆိုရင်လည်း ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသတို့လို အထင်အရှားဖြစ်တဲ့ ဆရာတော်တွေကိုလည်း သတ်ဖြတ်ဖို့ ဆိုတာလည်း ဝန်မလေးဘူးဆိုတာ ရှေ့မှာလည်း ချပြထားခဲ့ပြီးသား ဖြစ်ပါတယ်"
NUG သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇောကတော့ စစ်ကောင်စီ ကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုတိုင်းကို မှတ်တမ်းတင်ထားပြီး အရေးယူဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့တွေကို တွန်းအားပေးနေတယ်လို့ ပြောပါတယ်။
“အရပ်သား ပြည်သူလူထုရဲ့ အဆောက်အအုံ အပါအဝင် ဘာသာရေး အဆောက်အအုံတွေပါမကျန် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေပါမကျန် ဖျက်ဆီးနေတဲ့ နောက်ပြီး မီးရှို့တာတွေလုပ်တယ်။ ဒါကတော့ မြင့်မားတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ အဲအတွက်လည်း ကျွန်တော်တို့တွေဟာ ကုလသမဂ္ဂ မန်းဒိတ်ပေးထားတဲ့ IIMM အဖွဲ့နဲ့ ပူးတွဲပြီးတော့ အချက်အလက်တွေ၊ သက်သေအထောက်ထားတွေ ထောင်နဲ့ သောင်းနဲ့ချီ ကောက်ပြီးတော့ IIMM မှာ ပေးထားတာတွေရှိတယ်။ အဲဒီကနေပြီးတော့ အရေးယူ အပြစ်ပေးနိုင်တဲ့ အဆင့်ရောက်ဖို့အတွက်ကို နိုင်ငံတကာ အဖွဲ့စည်းတွေက ဆောင်ရွက်ရမဲ့ ဝတ္တရားရှိပါတယ်။ အဲအတွက်လည်း ကျွန်တော်တို့တွေ တွန်းအားပေးနေတယ်”
မြန်မာနိုင်ငံ အပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ရေးပစ်မှတ် မဟုတ်တဲ့ ဘာသာရေး အဆောက်အအုံတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား မတိုက်ခိုက်ဖို့ တားမြစ်ထားပြီး ချိုးဖောက်မယ်ဆိုရင် စစ်ရာဇဝတ်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ဂျီနီဗာကွန်ဗန်းရှင်းမှာ ပြဋ္ဌာန်းထားပါတယ်။
ဘာသာရေး အဆောက်အအုံတွေ တိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ထားပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။