အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအပေါ် တပ်မတော်သား ထောက်ပြမှု လေ့လာသူတွေအမြင်


2019.05.14
pyihtaungsu-hluttaw-622.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းအဆင့်သာမက ဘယ်လို ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ဖို့ ဥပဒေကြောင်းအရ လိုအပ်ချက်တွေကို ပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မြင့်ဆွေ က မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။

ဒီအပေါ် တပ်မတော်၊ ဥပဒေပညာရှင်တွေနဲ့ လေ့လာသူတွေရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအပေါ် တပ်မတော်သား ထောက်ပြမှု လေ့လာသူတွေအမြင်

( ကျော်သူ)

■ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မြင့်ဆွေ ကတော့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆွေးနွေးစဉ်မှာ ဘယ်လို ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ဖို့ ဥပဒေကြောင်းအရ လိုအပ်ချက်တွေကို ပြင်ဆင်သင့်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေကို ပြန်လည်စိစစ်ပြီး လိုအပ်ရင် ပြင်ဆင်ဖို့ အကြံပြုဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သားတွေရဲ့ အဂတိလိုက်စားတာတွေနဲ့ပတ်သက်လို့ ဝင်ရောက်စွက်ဖက်တဲ့ ကော်မရှင်ကို တပ်မတော်သား ကိုယ်စားလှယ်တွေက ထောက်ပြနေတဲ့အပေါ် ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်နေကြပါတယ်။

တပ်မတော်သားတွေရဲ့ ချို့ယွင်းမှုတွေကို တပ်မတော်ကပဲ ဆောင်ရွက်ခွင့်ရှိပြီး၊ တပ်မတော်ရဲ့ ငွေစာရင်းသုံးစွဲမှုအပိုင်းတွေကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးပိုင်ခွင့်မရဘူးဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ပုဒ်မတွေကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဝင်ရောက်စွက်ဖက်လို့မရ ဖြစ်နေတာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုလိုပြောပါတယ်။

"၂၀၀၈ အခြေခံဥပဒေမှာ တပ်မတော်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်စွာ ကာကွယ်ရေးဦးစီးချုပ်က လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုး ထည့်ပြဌာန်းထားတာတွေ့တယ်၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့အပေါ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဝင်စွက်ဖက်ခွင့်မရှိဘူး ပြောလို့မရဘူးဆိုတာကိုလည်း ကော်မရှင် ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပြောထားတဲ့အခါမှာ သူတို့ကထပ်ပြီးတော့ ဝေဖန်ပြောဆိုတာမှာ အပြုသဘောဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့လေ၊ အပြစ်သဘောမျိုး ပြောမယ်ဆိုရင်တော့ သဘောရိုးဟုတ်ရဲ့လား တပ်မတော်က အတိုက်အခံပုံစံမျိုး ပြောသလိုဖြစ်နေတယ်။ အတိုက်အခံပါတီတစ်ရပ်အနေနဲ့ ဝေဖန်ထောက်ပြသလိုမျိုးဖြစ်နေတာ ကျွန်တော် တွေ့ရတယ်၊ သိပ်သဘောမကျဘူးလို့ မှတ်ချက်ပြုချင်ပါတယ်"

ကော်မရှင်အနေနဲ့ အရပ်ဖက် အစိုးရဝန်ကြီးဌာနအရာရှိတွေကိုသာ အဂတိလိုက်စားတယ်ဆိုတဲ့ တိုင်ကြားချက်တွေအရ စုံစမ်းဖော်ထုတ်အရေးယူနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို ရောက်ရှိလာတဲ့ တိုင်ကြားစာတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာနေပြီး ကော်မရှင်ရဲ့ အားနည်းတဲ့လုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြနေကြတာလည်း ဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ တပ်မတော်အရာရှိတွေ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေကို ဝင်ရောက်စစ်ဆေးအရေးယူခွင့် မရှိဘူးလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားထားတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဖက်က ပြဿနာတွေကို တပ်မတော်ဖက်ကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်လို့ ဆိုထားတဲ့အတွက် ကော်မရှင်ဖက်က ဝင်ရောက်စွက်ဖက်လို့မရတဲ့ အခြေအနေမှာ ရှိနေတာပါ။

ပြည်သူတွေဘက်က အခွင့်အရေး ချိုးဖောက်ခံထားရတယ်ဆိုတဲ့ ကိစ္စရပ်တွေမှာ အစိုးရက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းတွေကို တရားစွဲပိုင်ခွင့် ရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှရမယ့် အနေအထားမှာရှိနေတယ်လို့ ဆိုကြပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က အခုလိုထောက်ပြပါတယ်။

"အစိုးရနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ အစိုးရကနေပြီးတော့ ပြည်သူတွေ တရားစွဲနေတာမျိုး မဟုတ်ဘဲနဲ့ ပြည်သူတွေက လူ့အခွင့်အရေးတွေ နိုင်ငံသားအခွင့်အရေးတွေ စားသုံးသူအခွင့်အရေးတွေ ချိုးဖောက်ခံ နေရတယ်ဆိုရင် အစိုးရက ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေကို တရားစွဲဆိုပိုင်ခွင့် ရှိတယ်၊ စွဲလည်းစွဲနေ ကြတယ်လေ၊ အဲဒါတွေက အခြေခံဥပဒေမှာ ပေးထားတဲ့အချက်အလက်တွေပဲ၊ အဲဒီ အခြေခံဥပဒေတွေ ကို မပြင်ဘဲနဲ့ ဒီကော်မရှင်ကနေ စစ်ဖက်ဆိုင်ရာက အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးဖို့ဆိုတာက မထင်ဘူးဗျ၊ တပ်ဖက်ကဖြစ်တဲ့ အဂတိလိုက်စားမှုတွေက ကော်မရှင်က လက်လှမ်းမမီဘူးပေါ့၊ ကော်မရှင်ရဲ့ ဥပဒေအားနည်းချက်လည်း ပါမယ်၊ ဖွ့ဲစည်းပုံရဲ့ ဥပဒေအားနည်းချက်လည်း ပါမယ်၊ မမျှတမှုတွေ ရှိနေတယ်ပေါ့၊ အဲဒါတွေအားလုံးကို ပြင်ဆင်ပြီးမှ အားလုံးကို ထိထိရောက်ရောက်လုပ်နိုင်မယ်ပေါ့"

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကတော့

"တပ်မတော်သားကလည်း လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လွှတ်တော်ထဲမှာဝင်ရောက်ပြီးတော့မှ လွှတ်တော်မှာ လွှတ်တော်ရဲ့ ကိစ္စရပ်တွေကိုပေါ့နော် သူကနေပြီးတော့မှ ပါဝင်ဆောင်ရွက်နေတာပေါ့နော်"

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်အဖွဲ့အစည်းအပေါ် သက်ရောက်မှုမရှိဘူးဆိုတာကိုတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်း က အခုလိုငြင်းဆိုပါတယ်။

"ကျွန်တော်တို့ တပ်မတော်သားတွေအနေနဲ့ အဂတိလိုက်စားလို့ပဲဖြစ်ဖြစ် အကျင့်စာရိတ္တပျက်ယွင်းလို့ ပဲဖြစ်ဖြစ် ဖြစ်လာတယ်ဆိုရင် တပ်မတော်အနေနဲ့က စစ်ဆေးပြီးမှန်ရင် ခွင့်လွှတ်ရိုး ထုံးစံမရှိဘူး၊ တပ်မတော်က အရေးယူတာရှိတယ်၊ ကျွန်တော် သိရသလောက် အစိုးရဖက်က လာတဲ့ဟာတွေ ရှိတယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရော လွှတ်တော်ကရော လာတဲ့ဟာတွေ ရှိတယ်၊ အဲဒီတိုင်စာတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်နေတာရှိတယ်၊ အရေးယူခဲ့ပြီးသူတွေလည်း ရှိပြီးဖြစ်ပါတယ်၊ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ တပ်မတာ်က လျစ်လျူရှုထားတယ်ဆိုတာမျိုး မသက်ရောက်ဘူးဆိုတာမျိုးတော့ မဟုတ်ပါဘူးဗျ၊ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအရ သူ့ရဲ့အစီအစဉ်နဲ့ သက်ရောက်တာတွေ ရှိပါတယ်"

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး ကော်မရှင်ကိုတော့ ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အစိုးရက ဖွ့ဲစည်းပေးထားတဲ့ တပ်မတော်အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ထိရောက်တဲ့ စုံစမ်းစစ်ဆေးအရေးယူတာတွေ လုပ်နိုင်ဖို့ ကော်မရှင်ဥပဒေတွေကို ပြင်ဆင်ဖို့လိုသလို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဝေဖန်ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။